အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် အခြေအခံရမည့် အချက်များကို အထည်ချုပ် လုပ်ငန်းများတွင် နိုဝင်ဘာလမှ စတင်ကာ သုံးလအတွင်း အပြီးကောက်ယူမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ပြောကြားသည်။
သုတေသန ပြုလုပ်၍ ရရှိသည့် အချက်အလက်များကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသား ကော်မတီကို အစီရင်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် အလုပ်ရှင်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အထည်ချုပ် လုပ်ငန်းသည် လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်ရှင် အလုပ်သမားများအကြား မကြာခဏ ပြဿနာ ဖြစ်ပွားလေ့ ရှိသဖြင့် အထည်ချုပ် လုပ်ငန်းကို ပထမဦးဆုံး သတ်မှတ်နိုင်ဖွယ် ရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမှာ ဦးစွာ ထွက်ပေါ်လာနိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့မှာ သုတေသနများ ပြုလုပ်ပြီးမှ ဆက်လက် လုပ်နိုင်မည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။
လက်ရှိ ပြဋ္ဌာန်းထားသော အနည်းဆုံး အခကြေးငွေ ဥပဒေ၌ လုပ်ခဆိုသည့် ခေါင်းစဉ်တွင် အချိန် ပိုကြေး၊ အပိုဆုကြေး၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သည့် အခြားငွေနှင့် အကျိုးခံစားခွင့်များ ပါဝင်သဖြင့် ဝန်ကြီးဌာနနှင့် လုပ်သားများ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ဆုံစဉ် လုပ်သား ၄၀၀ ကျော်က အနည်းဆုံး လုပ်ခသတ်မှတ်ချက်တွင် အဆိုပါ ခေါင်းစဉ်ခွဲများကို မထည့်သွင်းဘဲ အနည်းဆုံးအခြေခံ လုပ်အားခ အဖြစ်သာ သတ်မှတ်ပေးရန် တင်ပြခဲ့ကြောင်း အမျိုးသား ကော်မတီတွင် လုပ်သား ကိုယ်စားလှယ်အဖြစ် လျာထားခံရသူ ဦးနော်အောင်က ရှင်းပြသည်။
“ငွေကြေးအနေနဲ့ တစ်သိန်းငါးသောင်း၊ တစ်သိန်းနှစ်သောင်း ပြောတဲ့လူလည်း ရှိတယ်။ နောက်ဆုံးမှာတော့ တစ်နေ့ ၄၀၀၀ လောက်ဆိုရင် အဆင်ပြေပါတယ်” ဟု အလုပ်သမားများက တင်ပြခဲ့ကြကြောင်း ဦးမျိုးအောင်က ဆိုသည်။
အနည်းဆုံး အခကြေးငွေကို သတ်မှတ်ရာတွင် လက်ရှိ လုပ်ကိုင်နေသည့် လုပ်သားများ လုပ်ခတိုးမြှင့် ရရှိရေးထက် အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်ရေး အလေးပေး လုပ်ဆောင်သင့်ကြောင်း လက်ဝါး အထည်ချုပ်လုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်အေးက ပြောဆိုသည်။
ကုန်ထုတ်လုပ်ငန်းများ ကျဆင်းပြီး အလုပ်နည်းပါးသည့် အချိန်မျိုးတွင်လည်း အနည်းဆုံးလုပ်ခ သတ်မှတ်ချက်အတိုင်း အလုပ်ရှင်များက လုပ်ခပေးနေရမည့် အချက်ကို အနည်းဆုံး အခကြေးငွေ သတ်မှတ်သည့် နေရာတွင် ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ကြောင်း လှိုင်သာယာ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
အနည်းဆုံး လုပ်ခသတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီ စာရင်းကို နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာလ အတွင်းက တင်ပြထားပြီး သမ္မတက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။ အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
from The Voice Weekly
No comments:
Post a Comment