Saturday, October 12, 2013

ကားဈေးကွက်တွင် ကျပ်သိန်းသောင်းချီ လိမ်လည်မှုဖြင့် အမှုဖွင့်ခံရသူ ရဲစခန်းသို့ လာရောက် အဖမ်းခံ

မန္တလေး မော်တော်ယာဉ် ဈေးကွက်တွင် အရောင်းအဝယ် ရပ်ဆိုင်းသည်အထိ အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သော ငွေကျပ် သိန်းသောင်းချီ လိမ်လည်မှုဖြင့် အမှုဖွင့်ထား ခံရသူ ဦးကျော်ခိုင်စိုးသည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် အမှတ် (၆) ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီအမှုနဲ့ ပတ်သက်ပြီး အာမခံပေးလို့ရတဲ့ ပုဒ်မ ဖြစ်နေတဲ့အတွက် အာမခံ ပေးလိုက်တာပါ။ နစ်နာတဲ့ သူတွေကိုလည်း လျော်ကြေး ပြန်ပေး သွားမယ်လို့ သိရတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ဆိုသည်။


ချမ်းအေးသာစံမြို့နယ် ဂေါဝန်ဆိပ် အနီးရှိ ခြံတစ်ခြံတွင် ယာဉ်အရောင်းအဝယ် ပြုလုပ်ကြရာ ယာဉ်အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ နစ်နာသူများကို ပြန်လည် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဦးကျော်ခိုင်စိုးက ပြောကြားသည်။

ယာဉ်ဝယ်ပေးမည်ဟုဆိုကာ ကျပ် ၁၁,၂၅၇ ဒသမ ၉ သိန်းခန့် လိမ်လည်မှုဖြင့် ဦးကျော်ခိုင်စိုးနှင့် ဇနီးကို ချမ်းအေးသာစံမြို့နယ်နေ ဦးအောင်ရဲလင်းက နယ်မြေ ရဲစခန်းအမှတ် (၆) တွင် (ပ) ၃၈၂/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့်၍ တိုင်တန်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လိမ်လည်မှုတွင် ဦးအောင်ရဲလင်း၏ ငွေများသာမက အခြားယာဉ် ရောင်းဝယ်ရေး လုပ်ကိုင်သူများ၏ ငွေများပါ ပါရှိကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။
“အခုထိတော့ သူ့ဆီက ဘာမှမသိရသေးပါဘူး။ ကျွန်တော်က သူ့ဆီက ကားသုံးစီး ဝယ်တယ်။ စလစ် မတပ်ရသေးတာပါ။ Owner Book ရရင် သူ့ကို ကားတစ်စီးကို ငွေ ၁၀ သိန်းပေးရမယ်။ အခု သူကရှောင်တော့ ကျွန်တော်တို့က ကုမ္ပဏီကို ဆက်သွယ်တယ်။ ကုမ္ပဏီက စာအုပ်လိုချင်ရင် သိန်း ၂၀ ပေးရမယ်လို့ ပြောတယ်။ တချို့လူတွေဆိုရင် ဘယ်ကုမ္ပဏီက ဝယ်တယ်ဆိုတာတောင် မသိရဘူး။ အဲဒီ ပွဲစားဝိုင်းက လူ ၁၀၀ ဆိုရင် ဒီလိုဖြစ်တာ ၇၀ လောက်ပါတယ်” ဟု ယာဉ် အရောင်းအဝယ် ပြုလုပ်သူ ဦးကျော်သူဆွေထွန်းက The Voice သို့ ပြောကြားသည်။

အထက်ပါ လိမ်လည်မှုဖြင့် အမှုဖွင့် ခံထားရသူ ဦးကျော်ခိုင်စိုးသည် အဆိုပါ ကာလခန့်က ငွေကြေး အခက်အခဲ ရှိခဲ့ကြောင်း၊ ယခုနစ်နာခဲ့သည့် ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများကိုလည်း ညှိုနှိုင်း ပြေလည်အောင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဦးကျော်ခိုင်စိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ဂေါဝိန်ဆိပ်အနီး ခြံတစ်ခြံ၌ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးထံသို့ ဝယ်ရောင်း လုပ်ကိုင်သူများ သွားရောက် အရောင်းအဝယ် လုပ်ကိုင်ခဲ့ရာမှ ယာဉ်ဈေးကွက်၏ အကြီးမားဆုံး လိမ်လည် တိမ်းရှောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွှတ်တည်း ပြောကြားသည်။

from The Voice Weekly

No comments:

Post a Comment