တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ရေးထိုးပြီးမှ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုချက်ရယူရန် သဘောတူရမည်ဟု လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အစိုးရဘက်က ပြင်ဆင် ရေးဆွဲထားသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မစတင်မီရက်ပိုင်း အလိုကပင် ၎င်းတို့ဘက်မှ ပြင်ဆင်ဖြည့်စွက် ချက်များဖြင့် ရေးဆွဲထားသော အပစ်ရပ်မူကြမ်း တစ်စုံကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ထံ ဖြန့်ဝေခဲ့သည်။
ပြင်ပသို့ တရားဝင် ဖြန့်ဝေထားခြင်း မရှိသေးသော အစိုးရအဖွဲ့၏ မူကြမ်းတွင် အခန်း(၁၅)ခန်း ပါဝင်ပြီး သဘောတူစာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လမ်းညွှန် စည်းမျဉ်းများ၊ နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထားခြင်း၊ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးမှု ကော်မတီဖွဲ့စည်းခြင်း၊ ပူးတွဲအပစ်အခတ် ရပ်စဲရေး ကော်မတီနှင့် ပူးတွဲငြိမ်းချမ်းရေး တည်ဆောက်မှု အကြံပေး ကော်မတီများ ဖွဲ့စည်းခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရမည့် အချက်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကတိပြုခြင်းနှင့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခြင်း အစရှိသည်တို့ကို ဖော်ပြထားပါသည်။
တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခြင်းနှင့် ပတ်သက်ပြီး အခန်း(၁၄)တွင် အချက်သုံးချက်ဖြင့် ဖော်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ယူရမည် ဖြစ်ကြောင်း သိရသည်။
အစိုးရ၏ အပစ်ရပ် မူကြမ်းသည် KNU နှင့် RCSS တို့မှတင်ပြထားသော Comprehensive Union Peace and Ceasefire Agreement မူကြမ်းကို ပြင်ဆင်ဖြည့်စွက် ရေးဆွဲထားခြင်း ဖြစ်ပါသည်။ သို့သော် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ၎င်းတို့တင်ပြခဲ့သော Comprehensive Union Peace and Ceasefire Agreement မူကြမ်းကို အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုဟူ၍ နှစ်ပိုင်းခွဲခဲ့ပြီး ယခုတင်ပြထားသော မူကြမ်းသည် အပစ်အခတ် ရပ်စဲရေး အပိုင်းကိုသာ ဖော်ပြထားခြင်းကြောင်း RCSS ၏ အကြံပေး ဦးခွန်ဆိုင်းက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ရေးထိုးရန် တင်ပြထားသော မူကြမ်းသည် ရှုပ်ထွေးမှုများ ရှိနေပြီး လက်တွေ့အားဖြင့် အလုပ်ဖြစ်နိုင်မည့် အခြေအနေ မရှိကြောင်းနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအပေါ် ဘုံသဘောထားများနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းခန့် ကွဲလွဲနေကြောင်း UNFC ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ ထို့အပြင် အစိုးရမူကြမ်းပါ အသုံးအနှုန်းများက တိုင်းရင်းသား လက်နက်ကိုင်များ နားလည်ရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။
from Eleven
No comments:
Post a Comment