Saturday, October 26, 2013

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ မြ၀တီမြို့တွင် ပြုလုပ်

ကရင်ပြည်နယ်၊ မြ၀တီမြို့ သောင်ရင်းခန်းမ၌ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် အချက်ငါးချက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားတွင် ကရင်ဘာသာရေး အဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်လူထု အခြေပြု အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေး ပါတီများ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
သဘာပတိချုပ်အဖြစ် ဘားအံမြို့၊ သုမေဓာရာမ တောရကျောင်းတိုက် ဆရာတော် အရှင်စန္ဒာဝရက ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက် အခြားတစ်ဖက်တွင် အကြမ်းဖက်ခြင်း သုံးမျိုးရှိကြောင်း အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
ထို့နောက် (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က "နှစ်ပေါင်း ၆၀ အတွင်း ကရင်တစ်မျိုးသားလုံး ဆန္ဒပြင်းပြစွာ တောင့်တလာခဲ့တဲ့ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာပြီ ဖြစ်သလို နှစ်ဖက် ပစ်ခတ်မှုတွေလည်း ချုပ်ငြိမ်းခဲ့ပြီ။ ရာနှုန်းပြည့်နီးပါး ယုံကြည်မှု ရရှိနေပြီ ဖြစ်တဲ့အတွက် ရှေ့ဆက်သွားရမယ့် ခရီးလမ်းမှာ အပစ်အခတ်ရပ်စဲရေးမှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေးကြီးမလွဲမသွေရရှိတော့မှာ သေချာသလောက် ဖြစ်နေပြီ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

ကရင်တော်လှန်ရေး သမိုင်း၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေအနေ၊ ကရင်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များနှင့် ရှေ့ဆောင်လုပ်ငန်းစဉ်များကို ဖဒိုစောလှထွန်းက ရှင်းလင်းတင်ပြပြီး ဦးမန်းအောင်ပြည်စိုးက မြန်မာနိုင်ငံရေး အခြေအနေ၊ ကရင်နိုင်ငံရေး ပါတီများ၏ အခြေအနေ၊ ကရင်စည်းလုံးရေး ငြိမ်းချမ်းရေးအတွက် (KUPC) ၏ ကြိုးပမ်းမှုများကို တင်ပြ ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး၊ ခိုင်မြဲတည်တံ့သော ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို ဦးတည်၍ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းချက်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုစစ်ကို အခြေခံမည်ဖြစ်သည်။ ကရင် အနာဂတ် ရေးလှပရေးအတွက် ကရင်တိုင်းရင်းသားများ အားလုံးအတွက် အာမခံချက်မရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို လက်ခံမည်မဟုတ်ပါ။ အာမခံချက်ရှိသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ကရင်အမျိုးသားများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့ကို အာမခံချက် ပေးနိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီး တည်ဆောက်ရန် လိုအပ်သည်။ ကရင် လက်နက်ကိုင်များ ညီညွတ်ရေးအတွက် ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားကို ရှေးရှု ကာကွယ်သော ကရင်အမျိုးသား တပ်မတော်အဖြစ် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်သည်။ ကရင်နိုင်ငံရေး ပါတီများ ညီညွတ်ရေးအတွက် ကရင်နိုင်ငံရေး ပါတီများအနေဖြင့် ၎င်းတို့၏ မူဘောင်များကို ကရင်တစ်မျိုးသားလုံး တိုးတက်ရေးကို ဦးတည်ချက်ထား၍ ညှိနှိုင်းဆောင်ရွက်မှု အားဖြင့် ကရင်နိုင်ငံရေးပါတီများ ညီညွတ်ရေးကို ဆောင်ရွက်ရန် ဖြစ်သည်ဟု သဘောတူညီမှု ချမှတ်ခဲ့ကြကြောင်း သိရသည်။
from EMG

No comments:

Post a Comment