Saturday, October 5, 2013

မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း

 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံးအကြိမ် ကချင်ပြည်နယ် ခရီးစဉ်အား ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သမ္မတ၏ ခရီးစဉ်အား နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှု့အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ထောင်ချီပြီး မိုးရေထဲတွင် ၃ နာရီကျော်ကြာ ကြိုဆိုနေစဉ် ခရီးစဉ် ဖျက်သိမ်းကြောင်း သိခဲ့ရခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် လာရောက်မည်ဖြစ်သဖြင့် အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှစ၍ မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျောင်းသားကျောင်းသူများ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၀၀၀ ၀န်းကျင်ခန့် စောင့်ဆိုင်းလျက်ရှိပြီး မြစ်ကြီးနားမြို့တော် ခန်းမတွင်လည်း လူဦးရေ ၁၀၀၀ နီးပါး စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။ သမ္မတ၏ ခရီးစဉ်ဖျက်သိမ်းကြောင်းကိုမူ နံနက် ၁၁ နာရီကျော် အချိန်ခန့်တွင်မှ သိခဲ့ရကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

သမ္မတခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က "ရာသီဥတုက လေယာဉ်ဆင်းလို့ မရလို့ပါ။ တခြား ဘာအကြောင်းမှ မရှိပါဘူး။ နောက်ပြန်လာမယ့်ရက်လည်း အတိအကျ မသိသေးပါဘူး" ဟု ဆိုသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက "သမ္မတကြီး ရောက်မလာတာကတော့ ကချင်ပြည်နယ်အတွက် ဆုံးရှုံးမှု တစ်ရပ်ပါ။ ဒီခရီးစဉ်က ငြိမ်းချမ်းရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ထားတာ။ သမ္မတကြီးကို ကချင်ပြည်နယ် လာစေချင်တယ်။ သမ္မတကြီးက ပြောချင်တာလည်း ရှိမယ်။ ပြည်သူတွေ အနေနဲ့လည်း တင်ပြချင်တာတွေ ရှိမှာပေါ့" ဟု ဆိုသည်။
from EMG

No comments:

Post a Comment