ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင် သူပုန်များကြား ငြိမ်းချမ်းရေး
ဆွေးနွေးလျက် ရှိသော်လည်း အချို့သော သူပုန်အုပ်စုကွဲများက လက်ခံခြင်းမရှိဘဲ
တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် သူပုန်များ လက်နက်ချရန်
အစိုးရအဖွဲ့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးမှူးချုပ်က တောင်းဆို
လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုများ လုပ်ဆောင်နေသာ အုပ်စုကွဲများကို ထိန်းချုပ်ရန်နှင့် တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရန် အဓိက မွတ်ဆလင် သူပုန်အဖွဲ့ဖြစ်သော မော်ရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး (MILF) က ဖိလစ်ပိုင် အစိုးရအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း စေ့စပ်ညှိနှိုင်းရေးမှူးချုပ် မီယီရန် ကော်ရိုနဲက ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဆန့်ကျင်သည့် ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမား (BIFF) အဖွဲ့နှင့် ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်များကြား ယခုရက်သတ္တ တစ်ပတ်အတွင်း တိုက်ခိုက်မှုများ စတင်ဖြစ်ပွား လာခဲ့သည်။
အဆိုပါ ဘန်ဆာမိုရို အဖွဲ့သည် မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး အဖွဲ့ထံမှ ခွဲထွက်လာသည့် အဖွဲ့ငယ်တစ်ခု ဖြစ်သည်။
တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခြင်းကြောင့် BIFF တပ်ဖွဲ့ဝင် ၄၀ သေဆုံးသွားပြီး အစိုးရ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဖိလစ်ပိုင် ဒေသဆိုင်ရာ စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဟာမိုဆိုက ပြောကြားသည်။
ထို့အပြင် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား ၁၀,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေရကြောင်း ၎င်းက AFP သတင်းကို ပြောကြားသည်။
မွတ်ဆလင် သူပုန်များ၏ ဆယ်စုနှစ် ချီကြာမြင့်နေပြီ ဖြစ်သည့် လက်နက်ကိုင် သောင်းကျန်းမှု ရပ်တန့်ရေး ဖိလစ်ပိုင် အစိုးရအဖွဲ့နှင့် MILF သူပုန်များကြား စေ့စပ်ဆွေးနွေးမှု အောင်မြင်စွာ အဆုံးသတ်နိုင်ပြီးသည့်နောက် နှစ်ရက်အကြာတွင် တိုက်ပွဲသစ်များ ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျရှုံးစေရန် BIFF အဖွဲ့က ပြီးခဲ့သည့် နှစ်များအတွင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။
“BIFF အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ လက်နက်ချဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ သူတို့ ညီအစ်ကိုတော်တွေနဲ့ ညီမတွေရဲ့ ငြိမ်းချမ်းရေး တောင်းဆိုမှုကိုလည်း နားထောင်စေချင်ပါတယ်” ဟု ဗိုလ်မှူးကြီး ဟာမိုဆိုက ပြောကြားသည်။
MIFF အဖွဲ့ နှင့် စေ့စပ်ဆွေးနွေးရေး အောင်မြင်မှုသည် ဖိလစ်ပိုင် သမ္မတအကွီနို အပါအဝင် ဆွေးနွေးမှုတွင် ပါဝင်ပတ်သက် နေသူများအားလုံး၏ ဆုံးဖြတ်ချက်နှင့် အမြော်အမြင်အပေါ် မူတည်နေကြောင်း ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယျံဟိတ်က ပြောကြားသည်။
သဘောတူညီချက် လက်တွေ့အကောင်အထည် ဖော်ရေးတွင် စိန်ခေါ်မှုများ ကြုံတွေ့မည် ဖြစ်သလို အကျိုးကျေးဇူးများလည်း ရရှိမည် ဖြစ်ကြောင်း၊ မင်ဒါနာအိုကျွန်းအတွက် သာမက ဖိလစ်ပိုင် တစ်နိုင်ငံလုံးအတွက် သက်ရောက်မှုရှိမည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက မြောက်အိုင်ယာလန် အတွေ့အကြုံကို အခြေပြုပြီး သုံးသပ် ပြောကြားခဲ့သည်။
from >>The Voice Weekly

No comments:
Post a Comment