Saturday, February 1, 2014

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ရရှိရန် အလှမ်းဝေး

ဆီးရီးယား အစိုးရအဖွဲ့နှင့် အတိုက်အခံ ကိုယ်စားလှယ်များက ရပ်တည်ချက်များကို အခိုင်အမာ ဆုပ်ကိုင်ထားသည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တိုးတက်မှုမရှိဘဲ ဝန်းရံ တိုက်ခိုက်ခံနေရသည့် ဟွန်းမြို့တွင်းသို့ အကူအညီပေးရေး ယာဉ်တန်းများ သွားရောက်ခွင့်ပြုရေး သဘောတူညီချက် ရရှိရေးပင် အလှမ်းဝေးနေကြောင်း ကုလသမဂ္ဂ စေ့စပ်ညှိနှိုင်းရေးမှူး ဘရာဟီမီ၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ဆီးရီးယားအစိုးရနှင့် အတိုက်အခံများ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်မှာ ရက်သတ္တတစ်ပတ် ကြာမြင့်သွားပြီ ဖြစ်သော်လည်း တိုးတက်မှု တစ်စုံတစ်ရာ မရရှိသေးပေ။
သောကြာနေ့တွင် ဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်မှ ပြန်လည် ကျင်းပမည် ဖြစ်သည်။
“နောက်တစ်ကြိမ် ဆွေးနွေးပွဲပြန်လုပ်ရင် ပိုမိုပုံဖော် သတ်မှတ်ထားတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု ကုလသမဂ္ဂ စေ့စပ်ရေးမှူး လတ်ဒါဘရာဟီမီက ပြောကြားသည်။

ထို့အပြင် သူပုန်များ သိမ်းပိုက်ထားသည့် ဟွန်းမြို့တွင်းသို့ ကုလသမဂ္ဂကူညီ ထောက်ပံ့ရေး ယာဉ်တန်းများ ဝင်ရောက်ခွင့် ပြုရေး ဆက်လက်စောင့်ဆိုင်း နေရခြင်းကြောင့်လည်း လွန်စွာ စိတ်ပျက်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆွေးနွေးပွဲ၏ အဓိက ဦးစားပေးအချက်မှာ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားနိုင်ရေး ဖြစ်ပြီး အခိုင်အမာ ဆုပ်ကိုင်ထားသည့် အချက်များ အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲလာရန် သံသမန်များက မျှော်လင့်နေကြသည်။

အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့တစ်ရပ် တည်ထောင်ရေး တောင်းဆိုထားသည့် ၂၀၁၂ ခုနှစ် ထုတ်ပြန်ချက်ကို ဆီးရီးယား အစိုးရနှင့် အတိုက်အခံ နှစ်ဖွဲ့စလုံးက ဗုဒ္ဓဟူးနေ့တွင် သဘောတူညီ လိုက်ခြင်းကြောင့် တိုးတက်မှုများ ပေါ်ပေါက် လာနိုင်သည်ဟု မျှော်လင့်ခဲ့ကြသော်လည်း နှစ်ဖက်စလုံးမှာ ညှိနှိုင်းမရ ဖြစ်နေသေးကြောင်း ကြာသပတေးနေ့ ဆွေးနွေးရာတွင် သိသာ ထင်ရှားလာခဲ့သည်။

ကြာသပတေးနေ့ ဆွေးနွေးပွဲတွင် ရှားရှားပါးပါး ဖြစ်ရပ်များ ပေါ်ပေါက် လာခဲ့ပြီး သုံးနှစ်ကြာ ပြည်တွင်းစစ်အတွင်း သေဆုံးခဲ့သည့် ဆီးရီးယားပြည်သူ ၁၃၀,၀၀၀ ကျော်အတွက် တစ်မိနစ်ကြာ ငြိမ်သက် ခဲ့ကြသည်။

သို့သော်လည်း အငြင်းပွားမှုများမှာ အလျင်အမြန် ပြန်လည် ပေါ်ပေါက် လာခဲ့သည်။ အကြမ်းဖက်မူဝါဒ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ထားသည့် သဘောတူညီချက်ကို အတိုက်အခံ ကိုယ်စားလှယ်များက လက်မှတ် မထိုးသဖြင့် အတိုက်အခံများမှာ အကြမ်းဖက်ဝါဒကို ထောက်ခံနေကြောင်း အစိုးရ ကိုယ်စားလှယ်များက စွပ်စွဲခဲ့ကြသည်။
“အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အရေးကြီးကြောင်း နှစ်ဖက်စလုံးက သဘောတူဖို့ ကျွန်တော်တို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်က သဘောမတူပါဘူး။ သူတို့က အကြမ်းဖက် ဝါဒအရေးမှာ ပါဝင် ပတ်သက်နေပါတယ်” ဟု ဆီးရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖစ်ဆယ်မတ်ဒတ်က ပြောကြားသည်။

ဆီးရီးယား အစိုးရအဖွဲ့သည် အတိုက်အခံ သူပုန်များအားလုံးကို အကြမ်းဖက်သမားဟု ခေါ်ဝေါ်သုံးစွဲလေ့ ရှိသော်လည်း သူပုန်အများစုမှာ တရားဝင် ကိုယ်စားပြုမှု ရှိသည့် တိုက်ခိုက်ရေးသမားများ ဖြစ်သည်ဟု အနောက်နိုင်ငံများက မှတ်ယူထားသည်။

ဆီးရီးယားသမ္မတ အာဆတ် ရာထူးမှ နုတ်ထွက်ပြီး အသွင်ကူးပြောင်းရေး အစိုးရ အဖွဲ့သစ်တစ်ရပ် ဖွဲ့စည်းရေးကို စတင်လုပ်ဆောင်သင့်သည်ဟု အတိုက်အခံများက တောင်းဆိုထားသော်လည်း အစိုးရ အဖွဲ့က အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ဦးစွာလုပ်ဆောင်ရမည်ဟု တောင်းဆိုထားခြင်းကြောင့် ဆွေးနွေးပွဲများမှာ ရှေ့မဆက်နိုင် ဖြစ်နေသည်။

from>>The Voice Weekly

No comments:

Post a Comment