မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက
မော်တော်ဆိုင်ကယ် လိုင်စင်များကို ဖေဖော်ဝါရီလတွင် ချထားပေးမည် ဖြစ်ကြောင်း
အဆိုပါဌာန တိုင်းဦးစီးမှူး ဦးသိန်းဦးထံမှ သိရသည်။
အဆိုပါလိုင်စင် ချထားပေးမှုကို အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် က.ည.န တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိတ္ထီလာ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မြင်းခြံနှင့် ပြင်ဦးလွင်တို့တွင် တစ်ပြိုင်နက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဦးသိန်းဦးက ထပ်မံ ပြောကြားသည်။“အစတုန်းကတော့ အစီအစဉ် မရှိပေမယ့် လွှတ်တော်မှာလည်း လူကြီးတွေက တောင်းဆိုတယ်။ ပြီးတော့ နိုင်ငံတော် အတွက်လည်း အခွန်အခ ရအောင်လို့ပါ။ ဘယ်နေ့စပြီး လုပ်ပေးမယ်ဆိုတာ အတိအကျတော့ မပြောနိုင်သေးပေမယ့် ဖေဖော်ဝါရီလလောက် လုပ်ပေးဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များ ရှိနေသဖြင့် ယင်းသို့ ဆိုင်ကယ်များ လိုင်စင်လုပ်ပေးခြင်း ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း အခွန်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
မန္တလေးမြို့တော် ဆိုင်ကယ် ဈေးကွက်တွင် လိုင်စင်ချပေးမည့် သတင်းများ ထွက်ပေါ်လာချိန်မှစကာ ယိုးဒယားနှင့် ဂျပန်နိုင်ငံထုတ် ဆိုင်ကယ် အမျိုးအစားများ ဈေးကျနေပြီး အရောင်းအဝယ် အေးနေကြောင်း မန္တလေးမြို့တော် အခြေစိုက် ဆိုင်ကယ် ဝယ်ရောင်းတစ်ဦးက ဆိုသည်။
“ပွဲစား လောကမှာတော့ ယိုးဒယားနဲ့ ဂျပန်ဆိုင်ကယ်တွေ ဈေးကျနေတယ်။ တရုတ်ဆိုင်ကယ်ကတော့ အစကတည်းက ဈေးနှုန်းလည်း သိပ်မမြင့်တော့ သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူး။ အခု ဆိုင်ကယ်လိုင်စင် ချထားပေးမှ ဝင်တိုးမယ့်သူတွေလည်း ရှိတော့ ဝယ်မယ့်သူက နည်းပြီး ရောင်းချင်တဲ့သူက များနေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ဆိုင်ကယ်လိုင်စင် လုပ်ဆောင်ပေးရာတွင် သတ်မှတ်ထားသည့် အခွန်အခများ လျော့နည်းမည် ဆိုပါက ဆိုင်ကယ် ဈေးနှုန်းများမှာ ဆက်လက် ကျဆင်းနိုင်ကြောင်း ဆိုင်ကယ် ဝယ်ရောင်း လုပ်ကိုင်သူများက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားသော ဆိုင်ကယ်စီးရေ ၁၀ သိန်း ဝန်းကျင်ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။
from>>The Voice Weekly

No comments:
Post a Comment