Tuesday, February 11, 2014

၆၇ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်နေ့) နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပ

၆၇ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်နေ့) နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က “နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်စည်းလုံးညီညွှတ်မှု တိုးတက်ခိုင်မာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲပြီးကျိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်မည့် ညှိနှိုင်းဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လိုင်ဇာဒေသတွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ဆွေးနွေးပွဲသည်

ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်အားတိုက်ထောက်ခံသွားမည်ဖြစ်ကြောင်း” စသည်တို့ကိုထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ထောင်ရာတွင် တွေ့ကြုံရမည့်ပြည်တွင်းပြည်ပမှ စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများနှင့် နှောက်ယှက်မှုများကို တိုင်းရင်းသားညီအကိုမောင်နှမများ၏ စုပေါင်းညီညွတ်သည့် အင်အားဖြင့် တွန်းလှန်နိုင်မည်ဖြစ်သည်ကို ယုံကြည့်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

from>>EMG

No comments:

Post a Comment