Wednesday, February 5, 2014

မန်းကျောက်မျက်ဆိုင်ခန်းများ မြန်မာလုပ်ငန်းရှင်များသာ ရောင်းမည်

မန္တလေးခရိုင်၊ အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးဒေသရှိ တည်ဆောက်လျက်ရှိသော အဆင့်မြင့်ကျောက် မျက်ဈေးရှိ ၁၂ ပေပတ်လည် ဆိုင်ခန်းများကို မြန်မာလူမျိုးများကိုသာ အဓိကထား ရောင်းချမည်ဖြစ်ကာ တရုတ်လုပ်ငန်းရှင်များအား လုံးဝ ရောင်းချခြင်းပြုမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က မန္တလေး တိုင်း သစ်တောနှင့်သတ္တုဝန်ကြီးဌာန ၀န်ကြီးဦးသန်းစိုးမြင့်က မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်တွေ၊ ပျံကျကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူတွေကို ရောင်း ချပေးမှာ ဖြစ်ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေကို ရောင်းချပေးမှာမဟုတ်ပါဘူး။ အဲဒီအတွက် မှတ်ပုံတင် ကိုကြည့်ပြီး ရောင်းချပေးဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

မဟာအောင်မြေ ကျောက်မျက်ရတနာဈေးတွင် ဆိုင်ခန်းပိုင်မရှိသူများ၊ ဆိုင်ခန်းဝယ်လိုသော်လည်း ရောင်းချရန်မရှိခြင်းကြောင့် အခက်အခဲတွေ့နေသူများ၊ ကျောက်စိမ်းလုပ်ငန်းအား ကျပန်းလုပ်ကိုင်နေ သောသူများနှင့် ပြင်ပမှ ကျောက်မျက်ဆိုင်ခန်း ဖွင့်လှစ်ရောင်းချလိုသူများအား ရောင်းချပေးသွားရန် စီစဉ်သွားမည်ဖြစ်သည်။

ရောင်းချပေးရာတွင်လည်း လက်ရှိ အဆင့်မြင့်ဈေးတွင် တည်ဆောက်နေသော ၁၂ ပေပတ်လည် အခန်း ၁,၆၀၀ ကို ရောင်းချပေးရန်စီစဉ်ထားပြီး လိုအပ်ချက်ရှိလာလျှင် ထပ်မံတည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆိုင်ခန်းဖွင့်လှစ်ရန် တင်ပြလာသူ ၂,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။

“ဆိုင်ခန်းတွေကို တစ်ဦးလျှင် တစ်ခန်းနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ၁၂ ပေပတ်လည် အခန်းတွေ ကို ချပေးသွားမှာ ဖြစ်ပါတယ်။ နှစ်နှစ် အခမဲ့ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ပြီး နှစ်နှစ်ကျော်မှ ဆိုင်ခန်းဝယ် ယူမယ်ဆိုရင် သတ်မှတ်နှုန်းထားကို ပေးရမှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

အခန်းများ ၀ယ်ယူသူများ သွားလာမှုပိုင်းဆိုင်ရာ အဆင်ပြေစေရန် အဆင့်မြင့် ဘတ်စ်ကားလိုင်းများကို နာရီအလိုက် ပြေးဆွဲမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

စားသောက်နေထိုင်မှုများ အဆင်ပြေစေရန်အတွက် ကျောက်မျက်မြို့တော်တစ်ခုအဖြစ် တည်ဆောက် ကာ စားသောက်ဆိုင်၊ ဟိုတယ်၊ ကျန်းမာရေးကုသပေးရန်နေရာ၊ လုံခြုံရေး စသည်တို့ကိုလည်း ထည့် သွင်း တည်ဆောက်ထားနေကြောင်း သိရှိရသည်။

အဆင့်မြင့်ဈေးအား ပြောင်းရွှေ့နိုင်ရန်အတွက် လာရောက် ဆိုင်ခန်းဖွင့်လိုလျှင် ဖွင့်လှစ်ခွင့်ပေးရန်အ တွက် စီစဉ်ထားသော်လည်း မန္တလေးမြို့၊ မဟာအောင်မြေ၊ ကျောက်မျက်ရတနာဈေးရှိ မပြောင်းရွှေ့လို သောသူများအား ပြောင်းရွှေ့ရန် တိုက်တွန်းသွားမည်မဟုတ်ဘဲ ကျောက်မျက်ဈေး ဖျက်သိမ်းခြင်းကို လည်း လုပ်ဆောင်ရန် အစီအစဉ်မရှိဟု ဆိုသည်။

ဆင်ရွာမြင်းမှူးဒေသရှိ အဆင့်မြင့်ကျောက်မျက်ဈေးတွင် ဆိုင်ခန်းများအဖြစ် ပေ ၃၀-၃၅ ပေဆိုင်ခန်း ၃၄၅ ခန်း၊ ပေ ၃၀-ပေ ၂၀ အခန်း ၇၀၊ ၁၂ ပေပတ်လည် ဆိုင်ခန်း ၁,၆၀၀ ရှိကြောင်း အပြီးသတ်ဖွင့်လှစ် ခြင်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် လျာထားကြောင်း သိရသည်။

အဆိုပါနေရာများတွင် ရေ၀င်ခြင်းကြောင့် ပျက်စီးမှုများ ယခင်က ရှိခဲ့ဖူးသော်လည်း ယခု တည်ဆောက် ခြင်းလုပ်ငန်းများတွင် အင်ဂျင်နီယာများက သေချာစွာ တွက်ချက်ကာ အမြန်လမ်းမ အမြင့်ပေထက် မနိမ့် အောင် တည်ဆောက်ထားရှိသည်။
from>> Mizzima - News in Burmese

No comments:

Post a Comment