မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ
အကြီးတန်း အကြံပေး အရာရှိ Ms.Judith Cefkin နှင့်အဖွဲ့ ဖေဖော်ဝါရီလ ၆
ရက်နေ့ (ယနေ့) တွင် ရခိုင်ပြည်နယ်သို့ သွားမည် ဖြစ်ကြောင်း သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
“ဖေဖော်ဝါရီလ ၆ ရက်နေ့ စစ်တွေ သွားပါမယ်” ဟု ၎င်းကဆိုသည်။
Ms. Cefkin သည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၏ တိုးတက်မှု အခြေအနေကို လေ့လာရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် အစိုးရက သတင်းထုတ်ပြန်ထားသည်။
၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းအပြင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း တွေ့ဆုံ ခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
Ms. Cefkin ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahriar Alam နှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ (မူရင်းအသုံးအနှုန်း) ကို မြန်မာ အစိုးရက ပြန်လက်ခံရန်နှင့်
တန်းတူ အခွင့်အရေး ပြန်လည် ရရှိစေရန် မြန်မာအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ကို တိုက်တွန်းသွားမည်ဟု Ms. Cefkin ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် Ms. Cefkin သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံလာခဲ့သည့် ရိုဟင်ဂျာများကို အကာအကွယ် ပေးရန်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်း ပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ms. Cefkin သည် ၎င်း၏ ခရီးစဉ်အတွင်း အစိုးရအရာရှိများ၊ နိုင်ငံတကာ အလှူရှင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်ထားသည်။
ထို့အပြင် ၎င်းသည် မြန်မာ့ ငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ အထောက်အပံ့ရေး ကဏ္ဍတို့တွင် အမေရိကန်အစိုးရ ကျင့်သုံးမည့် မူဝါဒကို ချပြသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ms. Cefkin သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ နေထိုင်မည် ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်နှင့် အခြားမြို့ကြီးများသို့ သွားရောက်မည် ဖြစ်ကြောင်း ကြေညာထားသည်။
Ms. Cefkin မှာ မြန်မာခရီးစဉ် မတိုင်မီ ဗြိတိန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ သွားရောက်ခဲ့သည်။The from>>Voice Weekly

No comments:
Post a Comment