Thursday, February 13, 2014

ဇန်န၀ါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာတစ်ဘီလျံကျော် ၀င်ရောက်ခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်တို့မှ အများဆုံးရင်းနှီးမြှုပ်နှံ

၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ၀င်ရောက်ခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်တို့မှ အများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဇန်န၀ါရီလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခု ၀င်ရောက်လာပြီး ဟောင်ကောင်က လုပ်ငန်းသုံးခု၊ စင်ကာပူက လုပ်ငန်းသုံးခု၊ ကိုရီးယားမှ လုပ်ငန်းနှစ်ခု၊ ဂျပန်မှ လုပ်ငန်းနှစ်ခု၊ တရုတ်၊ ထိုင်းနှင့် ယူကေတို့မှ လုပ်ငန်းတစ်ခုစီတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန်အတွက် နိုင်ငံခြားတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄၂၇၄ ဒသမ ၂၈၅ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်တွင်မူ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၅၃၂၇ ဒသမ ၈၃၀ သန်းရှိသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ခဲ့သည့် ကဏ္ဍများမှာ ကုန်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း ကဏ္ဍတို့တွင်ဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှစ်ခု ၀င်ရောက်ခဲ့ကာ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုစီနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှစ်ခု ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စိစစ်ခွင့်ပြုပေးနေပြီး ဇန်န၀ါရီလတွင် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ အရက်မပါသည့် ဖျော်ရည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း အစရှိသည့် လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

from>> Eleven Media Group

No comments:

Post a Comment