Thursday, February 13, 2014

စင်္ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတတို့ Facebook မှာ ဘာဖြစ်သွားပြီလဲ

စာနယ်ဇင်းတွေမှာပါတဲ့ သတင်း၊ ဆောင်းပါး၊ ရာသီဥတုအခြေအနေတွေကို ကိုးကားပြီး သတင်းအဖြစ် ရေးသား ဖော်ပြကြတာကို တွေ့ဖူးမှာ
ပါ။ အင်ဒိုနီးရှားနိုင်ငံ အွန်လိုင်းသတင်းတပုဒ်ကတော့ သရော်စာတပုဒ်ကို ကိုးကား ရေးသားမိလို့ ပြောစရာ ဖြစ်နေပါပြီ တဲ့။

နိုင်ငံသစ် New Nation’s ဆိုတဲ့ စင်္ကာပူ အွန်လိုင်းစာမျက်နှာက သရော်စာ တပုဒ်ကို ကိုးကားတာပါ။
ကိုးကားရေးသားတာကတော့ အင်ဒိုနီးရှားသတင်းစာ Tribun News  ရဲ့ အွန်လိုင်းမှာဖြစ်ပါတယ်။
အင်ဒိုသမ္မတ ဆူဆီလို ဘန်ဘန်း ယူရိုယူနိုက စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို Facebook သူငယ်ချင်း အဖြစ်ကနေ ရပ်စဲလိုက်ပြီ ဆိုတဲ့ အကြောင်းအရာပါ။
ရွှတ်နောက်နောက် ရေးထားပေမယ့် အဲဒါကို အတည်ထင်ပြီး ကိုးကားခြင်း ဖြစ်ပါလိမ့်မယ်။

အင်ဒိုနဲ့ စင်္ကာပူခေါင်းဆောင်တွေကြား တင်းမာတဲ့ အခြေအနေတွေကြောင့် Facebook မှာပါ ဆက်ဆံရေးပျက်သွားကြပြီ လို့ သရော်စာထဲ ရေးထားတာပါ။
အင်ဒိုစာမျက်နှာသတင်းကို စာဖတ်သူ တသောင်းခွဲလောက်က လူမှုကွန်ရက်အွန်လိုင်းမှာ လက်ဆင့်ကမ်းခဲ့ကြတာပါ။ဒီသတင်းကြောင့် စင်္ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတတို့ Facebook မှာ ဘာဖြစ်သွားပြီလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။
အဖြေကတော့ ဘာမှ မဖြစ်၊ အရင်အတိုင်းပဲ လို့ ဆိုရပါမယ်။

ပြီးတော့ ... ဒီလူကြီးတွေ Facebook ကို သုံးချင်မှ သုံးကြမှာပါ။

သရော်စာဆိုတာ ရယ်ချင်လို့ ဖတ်တာပဲ ဖြစ်ရပါမယ်။ ကိုးကားချင်လို့ ဖတ်တာ ဆိုရင်တော့ မြောင်းထဲကျွံကျသလို ဖြစ်သွားပြီပေါ့။

သရော်စာကို တကယ့်ဖြစ်ရပ်မှန်၊ ရာနှုန်းပြည့် အချက်အလက်မှန် ထင်မိလို့ ဒုက္ခရောက်တာကတော့ မကြာခဏဆိုသလိုပါပဲ ... ဧပြီဖူးနေ့ နောက်ပြောင်တဲ့နေ့ဝန်းကျင် ဆိုရင်တော့ ခပ်စိတ်စိတ် တွေ့ရမှာပါ။

- ဖော့တုံးထူထူ၊ အရောင်စုံစုံ ဘရာဇီယာတွေကို ပါကစ္စတန် အစ္စလာမ်မစ်ကောင်စီ ပိတ်ပင် ဆိုတဲ့ လုပ်ကြံရေးထားတာကို Fox News ရုပ်သံက သတင်းလုပ်ပြီး ရေးခဲ့တယ်။

- အမေရိကန် ကော်လိုရာဒိုပြည်နယ်မှာ ဆေးခြောက်သုံးတာများသွားလို့ သေဆုံးသူ အရေအတွက် ၃၇ ဦးရှိတယ်၊ တပတ်အတွင်း သေဆုံးမှု ၃၀၀ အထိ ရှိသွားနိုင်တယ်။

- ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသားအဖြစ် မြောက်ကိုရီးယားခေါင်းဆောင် အရွေးခံရ။


- စစ်တမ်းတခုအရ ဆိုရင် အမေရိကန် ကျေးလက်ဒေသ လူဖြူတွေက အိုဘားမားထက် အီရန်သမ္မတကို ပိုနှစ်သက်။

အဲဒါတွေကတော့ အတည်ပေါက်ရေးထားတဲ့ သရော်စာတွေ စာပြောင်တွေကို သတင်း အတည်ပေါက် ရေးမိတာတွေ ဖြစ်ပါတယ်။

အနာဂတ်မှာလည်း ဒီလို ဖြစ်ရပ်တွေ ပေါ်လာဦးမယ်လို့ ယူဆရပါတယ်။

from>>The Irrawaddy

No comments:

Post a Comment