ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ ကျီးကြာရွာနေ ရွာသား (၈) ဦးသည် ဖေဖော်ဝါရီ
၎ ရက်နေ့က ရွာ၏ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် ၀ါးခုတ်နေစဉ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့၏ လူသစ် အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ ၀ါးခုတ်သွားတာ ပြန်မလာလို့ စိတ်ပူပြီး လိုက်သွားကြတာ ၊ ဟိုရောက်တော့ ခုတ်ထားတဲ့ ၀ါးတွေပဲ တွေ့တယ်၊ တောင်ယာထဲမှာနေတဲ့ ဟိုဘက် လုပီရွာကလူတွေက KIA အဖွဲ့ ဖမ်းခေါ်သွားတာ မြင်လိုက်တယ်လို့ ပြောတယ် ” ဟု ကျီးကြာရွာသား တစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသားများမှာ ကျီးကြာရွာနေ ဦးလဂျောင်ဇောင်းဟောင်၊ (၄၂) နှစ်၊ ရှီးကျန်ကျန်းခေါ (၂၇) နှစ်၊
ဖရဲဇုန်းချမ်း (၂၁) နှစ်၊ ဇုန်းယိန်း (၂၀) နှစ်၊ ဘောမ်ဒေါ (၂၂) နှစ်၊ ဇုန်းခေါ (၂၁) နှစ်၊ ခီကြူဝေ့ (၂၈) နှစ်နှင့် လုပီကျေးရွာနေ အားစီလု (၃၂) နှစ်တို့ ဖြစ်ကြောင်း သိရသည်။
“ နယ်စပ် မှတ်တိုင် ၅ ဘက်ကို ဖမ်းသွားတယ်လို့ သိရတယ်၊ KIA တပ်ထဲကို အတင်းဝင်ခိုင်းမှာလေ၊ ကျွန်မတို့ မှာ အားကိုးစရာဆိုလို့ ဒီသားတွေပဲရှိတာ၊ ယောင်္ကျားတွေကို လူသစ်ဆိုပြီး ဖမ်းသွားတာ ၂ နှစ်လောက်ရှိပြီ၊ အခုထိ ဘာသတင်းမှ မရတော့ဘူး၊ သေပြီနဲ့ တူပါတယ်၊ အခု အဖမ်းခံရတဲ့ သားတွေလည်း အဲဒီလို ဖြစ်မှာ အရမ်းစိုးရိမ်နေရပါတယ် ” ဟု ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသွားသည်။
KIA နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့ပြီးသော်လည်း ယခုကဲ့သို့ ဒေသခံရွာသားများအား လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှုများ ရှိနေဆဲဖြစ်၍ KIA အဖွဲ့၏ ငြိမ်းချမ်းရေးအပေါ် သဘောထားမှာ မေးခွန်းထုတ်စရာ ဖြစ်လာ ကြောင်း ကချင်အရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။
ပန်ဝါမြို့ခံ တစ်ဦးက “KIA ဟာ ဒေသခံတွေကို ဒုက္ခပေးတာ အားမရသေးဘူးနဲ့ တူပါတယ်၊ ဒီဒေသဟာ ဟိုးအရင်ကလည်း နယ်မြေမအေးချမ်းလို့ ဒေသခံတွေ ကျီးလန့်စာ စားဘ၀ရောက်ခဲ့တယ်၊ ငြိမ်းချမ်းရေးယူပြီး ပြန်တော့လည်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားလို့ မရဘူး၊ ဒါဆိုရင် KIA နဲ့ အစိုးရယူထားတဲ့ ငြိမ်းချမ်းရေး ဟာ ဒေသခံပြည်သူတွေအတွက် ဘာကောင်းကျိုးမှ မရဘူးလား၊ ဒီလိုမျိုး ကိစ္စတွေကို တာဝန်ရှိသူ KIA ခေါင်းဆောင်ပိုင်းတွေက ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ လိုနေပါပြီ ” ဟု ပြောကြားသွားခဲ့သည်။
နော်မိုင်
from>>Kachin Daily News

No comments:
Post a Comment