မန္တလေး-ပြင်ဦးလွင် ကားလမ်း မိုင်တိုင် အမှတ် ၁၉/၅တွင် ကားပေါ်မှ
ပြုတ်ကျခဲ့သည့် ဘုရားဆင်းတုတော်အား တစ်လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း
ပြန်လည်သယ်ဆောင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။
ပြင်ဦးလွင်အတက်လမ်းတွင် ပြုတ်ကျခဲ့သည့် ဘုရားဆင်းတုတော်မှာ ဦးခေါင်းတော်နှင့် ကိုယ်လုံးတော် သီးခြားစီဖြစ်နေကာ ကျိုးပဲ့ပျက်စီးသွားခဲ့ပြီး ယင်းသို့ ပြန်လည်သယ်ဆောင်ခြင်းမရှိသည့်အတွက် ပြင်ဦးလွင်မြို့ရှိ သန္တိသုခလူမှုကူညီရေးအသင်းမှ သင့်တော်သည့်နေရာသို့ ရွှေ့ပြောင်းထားရှိရန် စီစဉ်လျက်ရှိရာမှ ဇန်န၀ါရီ ၂၃ ရက်တွင် ဘုရားဆင်းတုတော်ပိုင်ရှင် ပေါ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားဆင်းတုတော်မှာ မူဆယ်ဘက်သို့ သယ်ဆောင်စဉ် ပြင်ဦးလွင်-မန္တလေး ကားလမ်းမိုင်တိုင် ၁၉/၅ အရောက်တွင် ပြုတ်ကျခဲ့ခြင်းကြောင့် ဆင်းတုတော်၏ ဦးခေါင်းတော်ကွဲပျက်သွားခဲ့ပြီး ကားလမ်းကွေ့တွင် အချိန်တစ်လခန့်ထိ အမြင်မတင့်စွာဖြင့်ရှိနေခြင်းကြောင့် သွားလာသူများက ဦးခေါင်းတော်အား မိုးကာဖြင့်အုပ်ပေးထားခဲ့ရကြောင်း သိရသည်။
“ဘုရားဆင်းတုတော်ပြုတ်ကျတဲ့နေရာ အကွေ့က တော်တော်ကျဉ်းတော့ အတက်ကားတွေ ယာဉ်ကြောကျပ်ပြီး မောင်းရတာ အခက်အခဲဖြစ်ကုန်ကြတယ်။ အချိန်တစ်လလောက်အထိ ပြန်သယ်တာမျိုးမရှိပေမယ့် တမြန်နေ့ကတော့ လမ်းဘေးလွတ်တဲ့နေရာကို ပိုင်ရှင်က လာရွှေ့သွားတယ်။ ဦးခေါင်းတော်နဲ့ ကိုယ်လုံးတော်ကို ပုံမှန်အတိုင်းထားသွားတယ်”ဟု ပြင်ဦးလွင်-မန္တလေး ပြေးဆွဲနေသော ရွှေမန်းလေးကားအသင်းမှ ကားမောင်းသူတစ်ဦးက ပြောကြားသည်။
“ပိုင်ရှင်နဲ့ ကားသမားက လျော်ကြေးကိစ္စ ညှိနှိုင်းနေတယ်လို့ သိရတယ်။ ဒီဆင်းတုတော်ကို တစ်လလောက်အထိ ပြန်လည်သယ်ဆောင်ခြင်းမရှိလို့ ကျွန်တော်တို့ အသင်းအနေနဲ့ သင့်တော်တဲ့ တစ်နေရာကို ရွှေ့ပြောင်းဖို့ စီစဉ်နေတာပါ။ ဒါပေမဲ့ အခုပိုင်ရှင်ပေါ်လာပြီဆိုတော့ သူတို့ပဲ ဆက်လုပ်တော့မှာပါ” ဟု သန္တိသုခလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလေးမြင့်အောင်က ပြော ကြားသည်။
from>>Eleven Media Group

No comments:
Post a Comment