Friday, January 24, 2014

ပုဒ်မ ၅၉(ဃ)နှင့် (စ)ကို ပြင်ဆင်ရန် NDF ပါတီဦးစီးကာ ဆန္ဒထုတ်ဖော်

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၊ ဒုသမ္မတအရည်အချင်းနှင့် ပတ်သက်၍ ကန့်သတ်ချက်တစ်ခုဖြစ်သည့် ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)တို့ကို ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဦးဆောင်ပြီး ဇန်နဝါရီလ ၂၄ရက်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူ ၁၀၀ကျော်က "ပြည်သူ ရွေးချယ်တင်မြောက်သော ခေါင်းဆောင် ပေါ်ပေါက်ရေး ပုဒ်မ ၅၈(ဃ)နှင့် ပုဒ်မ ၅၉(စ)"အလိုမရှိ" ဟူသော ဗီနိုင်းများ၊ နဖူးစည်းများဖြင့် ထိုစာတန်းကိုပင် ကြွေကြော်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒပြသူများသည် အောင်ဆန်းကွင်းမြောက်ဘက်မှ စတင်ထွက်ကာ ဒေါ်သိန်းတင်လမ်းမှဖြတ်ကာ၊ မင်္ဂလာဈေး၊ ယုဇနပလာဇာအထိ လမ်းလျှောက်ခဲ့သည်။ ထိုမှတစ်ဆင့် သိမ်ဖြူမီးပွိုင့်သို့ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်းများတွင် ပါဝင်သော ပုဒ်မ ၅၉(ဃ)တွင် သမ္မတနှင့် ဒု-သမ္မတများသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်များ ရှိရ မည်ဟု ပါရှိသည်။

ပုဒ်မ ၅၉(စ)တွင် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများ၏ ဇနီး၊ ခင်ပွန်း များသည် တိုင်းတစ်ပါးနိုင်ငံသား မဖြစ်စေရဆိုသည့်အချက် ပါဝင်သည်။

ထိုပုဒ်မ ၅၉(ဃ)နှင့် (စ)ကို ပယ်ဖျက်ရန်၊ ပြင်ဆင်ရန် ရန်ကုန်နှင့် နယ်မြို့များတွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သေးသည်။
from Mizzima - News in Burmese

No comments:

Post a Comment