မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်
သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုဆိုင်ရာ အစီရင်ခံစာကို
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ တင်ပြကာ
ဆောင်ရွက်ရကြောင်း သိရသည်။
ယင်းကဲ့သို့ ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းကြီးများ ဆောင်ရွက်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ ပြီးခဲ့သည့် သုံးလကျော်ခန့်အတွင်း တင်ပြလာသည့် အစီရင်ခံစာ ၁၈ စောင်အနက် ထက်ဝက်ခန့်မှာ အင်မတန် ဖြစ်ကတတ်ဆန်းဖြစ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ဇန်န၀ါရီ ၂၅ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့သစ်လုပ်ငန်း တော်ဝင်ခန်းမ၌ ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် IEE၊ EIA အစီရင်ခံစာပြုစုခြင်းနှင့် EMP ရေးဆွဲခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့သုံးလေးလလောက်က ရလာတဲ့ အစီရင်ခံစာ ၁၈ စောင်လောက်ကို over view လုပ်ကြတယ်။ အဲ့ဒီ ၁၈ စောင်မှာ ကိုးစောင်က ဘယ်ကုမ္ပဏီလဲဆိုတာတော့ မသိတော့ဘူး၊ အစီရင်ခံစာ ကိုးစောင်က EIA report တွေက ဖြစ်ကတတ်ဆန်းဖြစ်နေတယ်။ အဲ့ဒါတွေကို ကုမ္ပဏီတွေကို ခေါ်ပြောတယ်။ ခင်ဗျားတို့လုပ်ထားတဲ့ report တွေကို ကြည့်ဆိုပြီးပြတယ်။ ကျန်တဲ့ခြောက်စောင်က သင့်တင့်တဲ့အနေအထား၊ ကျန်တဲ့သုံးစောင်ကကောင်းတယ်။ ဒါကြောင့်မို့ အခုလိုဖော်ပြတာဖြစ်ပါတယ်။ EIA လုပ်ရင် ဒီအချက်အလက်တွေလိုတယ်။ EMP လုပ်ရင် ဒီအချက်အလက်တွေလိုတယ်။ IEE လုပ်ရင် ဒီအချက်အလက်တွေ လိုတယ်ဆိုတာကို ကုမ္ပဏီအားလုံးကို အသိပေးပါတယ်"ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လုပ်ကိုင်မည့် လုပ်ငန်းများအတွက် EIA report ကို မည်သည့်ကုမ္ပဏီ၊ မည်သူများနှင့်သာပြုလုပ်ရန် ကန့်သတ်မထားကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် ပတ်သက်ပြီး အစီရင်ခံစာအပေါ်ကြည့်ကာ ချထားပေးမည်ဖြစ်၍ EIA report ကို သေချာစွာပြုလုပ်ရန် တိုက်တွန်းလိုကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း consultant firm ကို သတိပြုရွေးချယ်ကြရန် တိုက်တွန်းကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် လုပ်ငန်းအများစုအတွက် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ EIA report ကို ၀န်ကြီးဌာနမှ လက်ခံသော အရည်အချင်းပြည့်မီသည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
from>>Eleven Media Group

No comments:
Post a Comment