ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်တာမွေ ဈေးမှတ်တိုင် ဝန်းကျင်၌
ဈေးသည်များက လမ်းပိတ်ဆို့ပြီး ဈေး ရောင်းချခြင်းများ ရှိနေသောကြောင့် နေ့စဉ် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များမှာ သွားလာရ ခက်ခဲလျက် ရှိနေကြောင်း သိရသည်။
တာမွေ ဈေးဝန်းကျင်ရှိ ကားမှတ်တိုင်များတွင် ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန် လူစည်ကားသော အချိန်၌ ဈေးသည်များသည် ကားမှတ်တိုင်ကို ပိတ်ဆို့၍ လည်းကောင်း၊ ကားလမ်းမပေါ် တက်၍လည်းကောင်း ဈေးရောင်းချ နေခြင်းများကြောင့် နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိပြီး ကားစောင့်ဆိုင်း နေသူများမှာလည်း အခက် တွေ့နေကြရသည်။
''ကားမှတ်တိုင်ရှေ့မှာ ပိတ်ပြီး ဈေးရောင်းကြတော့ လိုင်းကားစောင့်တဲ့ သူတွေက လမ်းပေါ်တက်ပြီး ကားစောင့် ကြရတယ်။ ဈေးဝယ်တဲ့ လူတွေများတဲ့ အချိန်ဆိုရင် ကားလမ်းပိတ်ပြီး သွားလာရတာ တော်တော် ခက်တယ်။ အန္တရာယ်လဲ များတယ်'' ဟု နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲကို တာမွေမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောပြခဲ့သည်။
တာမွေမြို့နယ် လမ်းဆုံဖြစ်သော တာမွေဈေးနှင့် ဗလီ ကားမှတ်တိုင် ဝန်းကျင်တို့တွင် စည်းကမ်းမဲ့စွာ ရောင်းချမှုများကြောင့် နေ့စဉ် ခရီးသွား ပြည်သူများမှာ သွားလာရ ခက်ခဲခြင်း အပြင် ယာဉ်ထိခိုက်နိုင်မှု အန္တရာယ်ပါ ရှိနေပြီး ဈေးရောင်းချသူများ အနေဖြင့်လည်း လမ်းပေါ်သို့ တက်၍ ဈေးရောင်းချခြင်းကြောင့် ယာဉ်အန္တရာယ် ရှိနိုင်ကြောင်း သိရသည်။

from>> မြ၀တီ
No comments:
Post a Comment