မောင်တောအကြမ်းဖက်မှု နိုင်ငံတကာ စုံစမ်းခွင့်ပေးရန် အမေရိကန်တောင်းဆိုမှု မြန်မာပယ်ချ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု သည်
ပြည်တွင်းတွင် စုံစမ်းစစ်ဆေးရမည့် ကိစ္စဖြစ်၍ နိုင်ငံတကာ ကိုယ်စားလှယ်များ
ဝင်ရောက် စုံစမ်းစစ်ဆေးခွင့် ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်
တောင်းဆိုမှုကို လက်မခံနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပယ်ချလိုက်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်
များ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် နိုင်ငံခြားရေး
ဝန်ကြီးရုံးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းများ၊
သံတမန်များနှင့် တွေ့ဆုံစဉ် ယင်းကိစ္စကို နိုင်ငံတကာ အဖွဲ့များကို
စုံစမ်းစစ်ဆေးခွင့် ပေးရန် တောင်းဆိုမှုကို ၎င်းက ယင်းသို့ ငြင်းပယ် လိုက်ခြင်း
ဖြစ်သည်။“ဒီကိစ္စက ကျွန်တော်တို့ ပြည်တွင်းရေးကိစ္စပါ။
ပြည်တွင်းမှာပဲ စုံစမ်းစစ်ဆေးရမယ်။ ပြည်ပက ပါဝင်စရာ အကြောင်းမရှိဘူး” ဟု
ဦးဝဏ္ဏမောင်လွင်က ပြောဆိုသည်။
မောင်တောမြို့နယ် ဒုချီးရားတန်းတွင်
ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သံတမန်အဖွဲ့များကို သွားရောက်
လေ့လာခွင့် ရရှိရန် စီစဉ်ပေးထားပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ
အဖွဲ့အစည်းများကလည်း သွားရောက် လေ့လာလျက် ရှိကြောင်း၊ ဥရောပသမဂ္ဂ
အဖွဲ့များကိုလည်း သွားရောက် လေ့လာခွင့် ပြုထားသဖြင့် နိုင်ငံတကာ
အဖွဲ့အစည်းများ သီးခြားစုံစမ်း စစ်ဆေးခွင့်ပေးရန် မလိုကြောင်း ၎င်းကဆိုသည်။
ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး
ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့်
သတ်ဖြတ်ခံရသည်ဟု ပျံနှံ့နေလာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးခဲ့သည်။
မြန်မာအစိုးရက ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတွင် ပြည်တွင်း
ကိုယ်စားလှယ်များသာ ပါဝင်သဖြင့် ယင်းအစီရင်ခံစာကို နိုင်ငံတကာ
အသိုင်းအဝိုင်း အသိအမှတ်ပြုရန် နိုင်ငံတကာ ကိုယ်စားပြု ကိုယ်စားလှယ်များ၊
နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် ပြုခံထားရသူများ ပါဝင်သည့် အဖွဲ့ကို
ရခိုင်ပြည်နယ်သို့ သွားရောက်၍ စုံစမ်းစစ်ဆေးခွင့်ပြုရန် မြန်မာနိုင်ငံ
သမ္မတကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်
ဒဲရစ်မစ်ချဲလ်က ပြောကြားသည်။
“ဒီလို အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေ
အပေါ်မှာ အမေရိကန်နိုင်ငံကလည်း စိတ်ပူတယ်။ မြန်မာနိုင်ငံမှ မဟုတ်ဘူး
တစ်ကမ္ဘာလုံးမှာ ဒီလို ဖြစ်နေတာတွေကို စောင့်ကြည့်နေတာ” ဟု ၎င်းကဆိုသည်။
မောင်တော ဖြစ်စဉ်ကို လေ့လာရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ သွားရောက် စစ်ဆေးပြီးဖြစ်ကာ
ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်တို့လည်း ထပ်မံသွားရောက်မည် ဖြစ်ကြောင်း၊
စုံစမ်းစစ်ဆေးမှု များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေသဖြင့်
နိုင်ငံတကာကို ဝင်ရောက် စုံစမ်းခွင့်ပေးရန် မလိုကြောင်း နိုင်ငံတော်သမ္မတ
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
“နိုင်ငံတကာနဲ့
ပူးပေါင်းတယ်ဆိုတာ ပြည်တွင်းအရေးကို အကန့်အသတ်မရှိ ဝင်ရောက် စွက်ဖက်ဖို့
ခွင့်ပြုတာ မဟုတ်ဘူး။ ပူးပေါင်း ဆောင်ရွက်ရေးကြောင့် အချုပ်အခြာအာဏာကို
သူတို့ ဝင်ရောက် ပြောချင်တိုင်းပြောဖို့ ခွင့်ပြုထားတာ မဟုတ်ဘူး” ဟု
၎င်းကဆိုသည်။
ဒုချီးရားတန်းကျေးရွာ အုပ်စုသည် မောင်တောမြို့နှင့်
ငါးမိုင်ခန့် ကွာဝေးပြီး ဘင်္ဂါလီ လူဦးရေး ၈၀ ရာခိုင်နှုန်းရှိပြီး ရခိုင် ၂၀
ရာခိုင်နှုန်း ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာမှ ရဲတပ်ဖွဲ့ဝင် လေးဦးနှင့်
ကင်းချောင်း၊ ခရေမြိုင်၊ ဒုချီးရားတန်း ကျေးရွာများတို့မှ ရွာလူကြီး
သုံးဦးအဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့်
ဒုချီးရားတန်း ကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီများက တိုက်ခိုက် ခံရသဖြင့်
ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန် သေနတ်တစ်လက်
ပျောက်ဆုံးနေဆဲ ဖြစ်သည်။
from>>The Voice Daily
No comments:
Post a Comment