Thursday, January 30, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက သမ္မတဖြစ်ခွင့် ရာထူးနဲ့ စပ်လျဉ်းတဲ့ ပုဒ်မ (၅၉)စ ကို ပြင်ဆင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေး ဒုဝန်ကြီး ဟူဂိုဆွိုင်းယာက ရန်ကုန်မှာ ပြုလုပ်တဲ့ 'The UK and Burma in 2014' ခေါင်းစဉ်နဲ့ ပြောကြားတဲ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။



 
 ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် (၂) ရပ်လုံးမှာ အပြတ်အသတ် အနိုင်ရခဲ့ရင်တောင်မှ သူ့ကို သမ္မတ ဖြစ်မလာအောင် ဒီပုဒ်မက ဟန့်တားထားတဲ့ သဘော ရှိနေပါတယ်။ ဒီအချက်ဟာ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေ အဟောင်းတွေမှာ မပါရှိခဲ့ပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲကျမှ ထည့်သွင်း ရေးဆွဲထားတာပါ။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်မှာ ရေးဆွဲရမယ့် နည်းလမ်း မဟုတ်ပါဘူးလို့ ဟူဂိုဆွိုင်းယား က ပြောသွားပါတယ်။

မြန်မာ အစိုးရ ပြောရေးဆိုခွင့် ရှိသူကတော့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တဲ့အတွက် တခြားနိုင်ငံက ဝင်ပြောစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီး ဆွိုင်းယားက ဖွဲ့စည်းပုံ ကိစ္စအပြင် မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စ တို့ကိုလည်း အလေးပေး ပြောခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ကြတဲ့ အခမ်းအနားကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် တက္ကသိုလ်ဘက်က လက်မခံတဲ့အတွက် ဗြိတိသျှ ကောင်စီမှာ နေရာပြောင်း လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ တချို့သူတွေက ဒီပုဒ်မကို တစ်ဦးတစ်ယောက်တည်းအတွက် ပြင်ဖို့ မသင့်ဘူးလို့ ပြောနေကြပြီး သောကြာနေ့ လွှတ်တော်မှာ ဆွေးနွေးမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လူထုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

from BBC

No comments:

Post a Comment