Saturday, January 25, 2014

သင်္ဃန်းကျွန်း၊ မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန်ရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အိတ်ပိတ်ဖြေ

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန်ရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ အိတ်ပိတ်ဖြေကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁)၊ (၂)တွင် ဖြစ်ပေါ်နေသည့် မြေယာပြဿနာများနှင့် ပတ်သက်၍ ဦးသိန်းညွန့်က သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှတ်တော်မှတစ်ဆင့် မေးမြန်းခဲ့ရာ သက်ဆိုင်သည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ အိတ်ပိတ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားသည့်အဖြေတွင် "မိကျောင်းကန် အပိုင်း (၁)၊ (၂) တပ်မြေ ဧရိယာ ၃၃ ဒသမ ၈၅၅ ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၉-၁၂- ၁၉၉၂ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ စတင်လွှဲပြောင်းစဉ်ကပင် တပ်မိသားစုသက်သာချောင်ချိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်လိုသူများနှင့် အကျိုးတူလုပ်ကိုင်စေခဲ့ပါကြောင်း၊ စတင်သဘောတူညီစဉ်ကပင် မည်သူ၏

တိုက်တွန်းချက်မျှမပါဘဲ တစ်ဦးချင်းစီ သဘောတူညီချက်ဖြင့် လိုအပ်ပါက ဖယ်ရှားပေးရန် သဘောတူညီပြီးမှသာ လက်မှတ်ရေးထိုး လုပ်ကိုင်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်အခြေအနေများအရ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရန် ဆက်လက်လုပ်ကိုင်ခွင့် ပေးနိုင်ခြင်းမရှိသဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် ကာယကံရှင်များအား ခေါ်ယူတွေ့ဆုံကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှစ၍ ပြောင်းရွှေ့ပေးရန် ပြောကြားခဲ့သော်လည်း ကျောင်းနေသူများ အခက်အခဲမဖြစ်စေရေးအတွက် စာသင်နှစ်ကုန်ဆုံးမည့် ၃၁-၃-၂၀၁၃ ရက်အထိ ဆက်လက်နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ ကျူးကျော်များသည် ကျောင်းများပိတ်ပြီး ဧပြီလအထိ ပြောင်းရွှေ့ခြင်းမပြုဘဲ အုပ်စုဖွဲ့ ဆန္ဒပြမှုများ သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် ကျေးလက်ဒေသနေအများစုမှာ ၎င်းတို့၏နေရပ်သို့ ပြန်လိုကြသော်လည်း ဒေါ်စိုးမိမိသူ (ခေါ်) မတာ ဦးစီးသည့် ရန်ကုန်မြို့နေအများစုက မြေနေရာကြောင့် အကျိုးစီးပွားဖြစ်ထွန်းခဲ့ရာ ၎င်းတို့၏ အကျိုးစီးပွားကို လက်မလွှတ်ချင်သဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် တပ်မြေမှ မဖယ်ရှားရေးအတွက် အပြင်းအထန်လုပ်ကိုင်လာသည်ကို တွေ့မြင်လာရကြောင်း၊ ထွက်ခွာသွားခြင်းမရှိကြသဖြင့် ၁၃-၆- ၂၀၁၃ ရက်တွင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး (ရန်ကုန်) မှ ၁၉၉၅ ခုနှစ်၊ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ မလွှဲမရှောင်သာ ဖယ်ရှားရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း"စသည်ဖြင့် ပါရှိသည်။

တပ်ပိုင်မြေနေရာကို သိမ်းယူရာတွင် တပ်မတော်သားများဖြင့် အင်အားသုံးသိမ်းယူခဲ့ခြင်းမျိုးမဟုတ်ဘဲ ပြဋ္ဌာန်းချက်များနှင့်အညီ ရဲတပ်ဖွဲ့အကူအညီရယူ၍ နေ၀င်နှင့် နေထွက်ချိန်မဟုတ်သည့် (၀၆း၄၅) အချိန်မှ (၁၈း၀၀) အချိန်အတွင်း ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ရှင်းလင်းရာတွင် အိမ်ကို ဖျက်ဆီးခြင်းသဘောမျိုးမဟုတ်ဘဲ စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရန် စုပုံပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ထို့ပြင် မိကျောင်းကန် အပိုင်း (၁)၊ (၂) ရှိ တပ်ပိုင်မြေ ၃၃ ဒသမ ၈၅၅ ဧကမှာ ယခင်မီးရထားဝန်ကြီးဌာနပိုင်မြေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေတို့အား ဥပဒေနှင့်အညီ လွှဲပြောင်းရယူခဲ့ပြီးဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေအမည်ပေါက်ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနသည် မြေယာကိစ္စများဖြေရှင်းရာတွင် ပိုင်ဆိုင်မှု အထောက်အထားရှိသူများအား ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးပေးခြင်း၊ ဦးပိုင်အမည်ပေါက် မြေ ၄၇၁၀ ဒသမ ၄၄၇ ဧကအား ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါမြေတွင် တပ်မတော်သား စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း(၁)၊ (၂) ရပ်ကွက်အတွင်းရှိ တပ်မတော်ပိုင်မြေအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း အိတ်ပိတ်ဖြေကြားခဲ့သည်။
from EMG

No comments:

Post a Comment