ပဲရစ်ကလပ်နိုင်ငံ ၁၉ နိုင်ငံ၊
တရုတ်နိုင်ငံ စသည့်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများသို့ မြန်မာနိုင်ငံမှ
ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီများအား ပြည်သူများ သိရှိရေး ထုတ်ပြန်ရန်
လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်
ဒေါက်တာဦးမြင့်က ပြောကြားသည်။
အဆိုပါ ပြောကြားမှုအား ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ဒေါက်တာဦးမြင့်၏ “မြန်မာနိုင်ငံအတွက် မက်ခရိုဘောဂဗေဒ သင်ခန်းစာ”အကြောင်း ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေး ရန်ဖြစ်နေတာနဲ့ စီးပွားရေး ဒုက္ခရောက်မယ်။ ကျွန်တော်တို့ နိုင်ငံမှာ အကြွေးတွေ ရှိနေတယ်။ ဒါတွေကို ပြည်သူတွေသိအောင် ချပြရမယ်။ ဘယ်နိုင်ငံမှာ ဘယ်လောက်ရှိနေလဲ။ ပဲရစ်ကလပ် ၁၉ နိုင်ငံနဲ့ ညှိနှိုင်းတုန်းက ချေးငွေတွေ လျှော်ပစ်တာ မျိုးရှိတယ်။ ပဲရစ်ကလပ် မဟုတ်တဲ့ တရုတ်နိုင်ငံလိုမျိုး တခြားနိုင်ငံတွေမှာ မြန်မာနိုင်ငံကပေးရမယ့် အကြွေး ဘယ်လောက်ရှိနေလဲ၊ ဘယ်တော့ ပြန်ဆပ်ရမှာလဲ။ ပြည်သူတွေသိအောင် အသေးစိတ် ချပြဖို့လိုပါတယ်”ဟု ဒေါက်တာဦးမြင့်က ဆိုသည်။
ပဲရစ်ကလပ်နိုင်ငံများ ဖြစ်သည့် ဂျပန်၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန် စသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ရှိနေသည့် မြန်မာနိုင်ငံမှ ပေးဆပ်ရမည့် အကြွေးများအား ဆွေးနွေးစဉ်က အကြွေးများ လျှော်ပစ်ခဲ့သည်မှာ ဂျပန်၊ ဒိန်းမတ် စသည့်နိုင်ငံ အချို့သာ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့သော အချက်များကြောင့် မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပေးဆပ်ရန် ကျန်ရှိနေသည့် စာရင်းဇယားများအား ပြည်သူများသိရှိရေး ထုတ်ပြန်ပေးရန်နှင့် ကြွေးမြီစာရင်းများအား တောင်းခံရာ ပေးအပ်မည် ဖြစ်သော်လည်း တခြားသူများ အားမပြပါနှင့်ဟု ပြောကြားမှုကြောင့် အဆိုပါ စာရင်းဇယားများအား ရယူခဲ့မှု မရှိကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။
“ပဲရစ်ကလပ် နိုင်ငံတွေထဲမှာ ဂျပန်နဲ့ဒိန်းမတ်နိုင်ငံကပဲ မြန်မာကပေးရမယ့် အကြွေးတွေနဲ့ ပတ်သက်လို့ မှတ်တမ်းကောင်းတွေရှိတယ်။ တခြား ပဲရစ်ကလပ် မဟုတ်တဲ့ နိုင်ငံတွေ တရုတ်လို နိုင်ငံမျိုးတွေမှာ မြန်မာကပေးရမယ့် အကြွေးတွေ ဘယ်လောက်ရှိနေလဲ။ သူများနိုင်ငံက အစိုးရတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ကျွန်တော်တို့ ဘယ်လောက်ပေးစရာ ရှိနေလဲ သိချင်လို့ ကျွန်တော်တောင်းကြည့်တော့ ပေးတော့ပေးမယ်။ သူများကိုမပြပါနဲ့ ပြောလို့ ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘူး”ဟု ဒေါက်တာ ဦးမြင့်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံမှ ပဲရစ်ကလပ် နိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီများနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံတွင် ယမန်နှစ် ဇန်နဝါရီလက ဆွေးနွေးခဲ့ရာ ကြွေးမြီအားလုံး၏ ရာခိုင်နှုန်း ၆ဝ အား သက်သာစေမည့် အချက်များနှင့် ကြွေးမြီအချို့အား လျော်ပေးရန်၊ ကျန်ကြွေးမြီများအား ပြန်လည်ပေးဆပ်ရမည့် ကာလကို ဆိုင်းငံ့ကာလအဖြစ် ခုနစ်နှစ်မှ ၁၅ နှစ်အထိ တိုးမြှင့်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါ ရီ ၂၇ ရက် နေ့စွဲဖြင့် ဖော်ပြခဲ့သည်။
နိုင်ငံအနှံ့အပြားတွင် ကြွေးမြီများပေး ဆပ်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံ အနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်အား ၁၉၇၃ ခုနှစ်မှစ၍ ပေးဆပ်ရန် ကျန်ရှိနေသည့် အမေရိကန် ဒေါ်လာ ၅၁၂ သန်းအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဘဏ်ထံမှ ချေးငွေရယူ၍ ပေးဆပ်ခြင်းနှင့် ကမ္ဘာ့ဘဏ်သို့ ပေးရန်ကျန်ရှိနေသည့် ချေးငွေအမေရိကန် ဒေါ်လာ သန်း ၄၃ဝ ကိုလည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဘဏ်ထံမှပင် ပေါင်းကူးချေးငွေရယူ၍ ပေးဆပ်နိုင်ခဲ့ကြောင်း ယမန်နှစ် ဇန်နဝါရီလအတွင်း နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
from EMG

No comments:
Post a Comment