ပခုက္ကူမြို့အနီး ဧရာဝတီမြစ်အတွင်း သဲသောင်ပြင်များပေါ်ထွန်းလာမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားလာသကဲ့သို့
မြစ်အတွင်း အနိမ့်ဆုံးရေစူးမှာလည်း သုံးတောင်ခန့်သာ ရှိတော့သည့်အတွက်
မော်တော်များ သတိပြုသွားလာနေရကြောင်း မော်တော်ယာဉ်မောင်းများထံမှ သိရသည်။
သဲသောင်ပြင်များ ကျယ်ပြန့်လာသည့်အတွက် မြစ်ကြောင်း ကျဉ်းမြောင်းသွားသကဲ့သို့ မြစ်ကြောင်းအတွင်း မြစ်ရေနည်းပါးလာခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် အညာဒေသများသို့ ကုန်စည်များ သယ်ဆောင်ပေးနေသော မော်တော်များမှာ ရေနည်းပါးရာနေရာများနှင့် သစ်ငုတ်၊ ကျောက်ဆောင်ရှိနေရာများနှင့် လွတ်ကင်းမှုရှိစေရန်
စက်လှေငယ်များဖြင့် ရေကြောင်းရှာဖွေမောင်းနှင်လာရပြီး ကုန်ချိန်လျှော့ချ တင်ဆောင်နေရကြောင်း မော်တော်စလင်များ၏ ပြောကြားချက်အရ သိရသည်။
“ဒီလိုအချိန်က ရေပါးတဲ့အချိန်ဆိုတော့ မော်တော်တွေက စက်လှေနဲ့ရေမစမ်းဘဲ မောင်းလို့ကိုမရဘူး။ ဒီနှစ်မြစ်ထဲမှာ မြစ်ကြောင်းကွေ့ကောက်တာလည်း များလာသလို သောင်ပြင်တွေလည်း တအားများလာတယ်။ သောင်တွေကြောင့် မြစ်ကြောင်းကျဉ်းတဲ့နေရာမှာ ရေစူးကောင်းတယ်။ ဒါပေမဲ့ ကျောက်ဆောင်တို့ သစ်ငုတ်တို့တော့ ရှောင်မောင်းရတယ်။ ပခုက္ကူနဲ့ ညောင်ဦးကြားမှာက အကွေ့အကောက်များတယ်။ အကွေ့တွေမှာ သောင်တွေရှိတော့ အတော်သတိထားမောင်းရတယ်။ နည်းနည်းမှားတာနဲ့ သောင်တင်တော့တာပဲ”ဟု စလင်ကြီးဦး က ပြောကြားသည်။
“မြစ်ရေကလည်း ကျနေတော့ ရေကတော်တော်နည်းနေပြီ။ မြစ်ကြောင်းကျဉ်းပြီး မြစ်ထဲမှာ သစ်ငုတ်တွေကများတော့ ပိုက်မျှောရတာ အဆင်မပြေဘူး။ ငါးဖမ်းပိုက်နဲ့ သစ်ငုတ်တွေနဲ့ ငြိပြီး ပိုက်တွေပြဲကုန်တယ်။ အခုငုတ်တွေ လိုက်ဖော်နေတာ အတော်များတယ်။ အခုဖော်ထားတာကို အတုံး၂၀ ကျော်နေပြီ”ဟု ဒေသခံရေလုပ်သား ဦးလှိုင်မိုးက ပြောကြားသည်။
ယခုနှစ်တွင် ရွှေဘိုဒေသမှ ဆန်ထွက်ရှိမှု နည်းပါးခဲ့သည့်အတွက် ပခုက္ကူဆန်ဈေးကွက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်များကိုသာ အဓိကထားမှာယူရောင်းချနေရပြီး မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးမှာ ယခင်နှစ်များထက် ပိုမိုအရေးပါလာကြောင်းလည်း ဆန်ကုန်သည်များနှင့် မော်တော်စလင်များ၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီမြစ်ကူးတံတား (ပခုက္ကူ) အနီး သဲသောင်ထွန်းနေသော ဧရာဝတီမြစ်ကြောင်းတစ်နေရာကို ဇန်န၀ါရီ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- သက်ထိန်ဝင်း)
from >>Eleven Media Group

No comments:
Post a Comment