မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာမီးလောင်မှု ဖြစ်စဉ်မှာ
ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့်
ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းရွာမှ ဘင်္ဂါလီများကသာ တမင်ဖန်တီး
လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ
ရရှိသော သတင်းများကို အခြေခံ၍ ဇန်နဝါရီ ၃ဝ ရက်ည ၇ နာရီတွင် အစိုးရ
ရုပ်သံဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ခဲ့သည်။
မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာတွင် ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းရာ ရွာမြောက်ဘက်ရှိ နေအိမ်တစ်လုံး၊ ရွာလယ်ပိုင်းမှ နေအိမ်တစ်လုံး၊ ရွာတောင်ဘက်ရှိ နေအိမ်တစ်လုံးတို့ တစ်ပြိုင်နက်တည်း လောင်ကျွမ်းခဲ့သဖြင့် ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကို ဦးစီးအဖွဲ့သည် မီးလောင်ကျွမ်းသည့် နေရာသို့ ည ၈ နာရီ ၄၇ မိနစ်တွင် လည်းကောင်း၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်သန်းနှင့် အဖွဲ့သည် ည ၈ နာရီမိနစ် ၅ဝ တွင် လည်းကောင်း ရောက်ရှိပြီး ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြကြောင်း၊ မီးစတင်လောင်ကျွမ်းသည့် အဘူဆွောယော (ဘ)ဦးကာဆိမ်း၏ သက်ကယ်မိုး၊ ဝါးထရံကာ မြေစိုက်အိမ်မှတစ်ဆင့် အိမ်နီးချင်း အဏ္ဏဝါ၏ နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းနေသည်ကို တွေ့ရှိရသဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်နေစဉ် တောင်ဘက်ကိုက် ၁၅ဝ ရှိ အဏ္ဏဝါဆလမ်၏ သက်ကယ်မိုး ဝါးထရံကာ မြေစိုက်အိမ်ကိုပါ မီးလောင်ကျွမ်း နေသည်ကို မြင်တွေ့ရကြောင်း၊ သို့ဖြစ်၍ လူစုခွဲပြီး မီးသွားရောက်ငြှိမ်းသတ်စဉ် မသင်္ကာဖွယ် ဘင်္ဂါလီ သုံးလေးဦးခန့် ထွက်ပြေးသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ခဲ့သည်။
အဏ္ဏဝါဆလမ် နေအိမ်အပါအဝင် ပတ်ဝန်းကျင် နေအိမ်လေးလုံးအား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ည ၉ နာရီခွဲခန့်တွင် ခရိုင်ဥပဒေအရာရှိ ဦးမြင့်သန်း၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်ဆန်းနှင့် မီးသတ်ကားတစ်စီးတို့ ရောက်ရှိပြီး ဝိုင်းဝန်းမီးငြှိမ်းသတ် ခဲ့ကြသဖြင့် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရကြောင်း ထုတ်လွှင့်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုးထံကာ အိမ်ခြေလေးလုံး၊ အိမ်သေး ၁၂ လုံး စုစုပေါင်းအိမ်ခြေ ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု မရှိခဲ့ကြောင်း၊ မီးရှို့မှုဖြစ်စဉ်အား ဒုချီးရားတန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူက တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူ ဘင်္ဂါလီများအား ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်ကြားခဲ့သဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် မောင်တောရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီတွင် မီးလောင်ပြင်သို့ မောင်တောမြို့နယ် ရဲတပ် ဖွဲ့မှူး၊ အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက တစ်အိမ်ချင်း လိုက်လံကြည့်ရှုရာ မျက်မြင်အနေအထား များအရ အိမ်အမှတ် ၅၆ အိမ်ခေါင် ခိုးပေါ်တွင် ကောက်ရိုးထုံးများ ပစ်တင်ထားသည်ကို တွေ့ရှိရခြင်း၊ အိမ်အမာမက်ဟာရှင်း၏ အိမ်အမှတ် ၅၄ နေအိမ်အတွင်း ထင်းများစုပုံ ထားသည်ကို တွေ့ရှိရခြင်းကြောင့် ရှို့မီးဖြစ်သည်ဟု ယူဆရသဖြင့် ပြစ်မှုကျူးလွန် သူများကို ဖော်ထုတ်ပြီး အမှုဖွင့် အရေးယူသွားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် တစ်ချိန်တည်းတွင် အင်တာနက်နှင့် နိုင်ငံတကာ မီဒီယာအချို့တွင် ကျေးရွာအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးတုတ်များဖြင့် မီးရှို့လျက်ရှိသည်ဟု မမှန်သတင်းများ ထုတ်လွှင့်နေခြင်းများကြောင့် လည်းကောင်း၊ ဖြစ်စဉ်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သုံးထပ်ဖော်ထုတ် ရရှိကြောင်း မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။
from>>EMG

No comments:
Post a Comment