Wednesday, January 22, 2014

၁၃၀၀ပြည့် အရေးတော်ပုံနေ့တွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ဦးကို ဂါရဝပြု ချီတက်ပွဲပြုလုပ်မည်

မန္တလေး၊ မဇ္ဈိမ။ ။ ၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် မန္တလေးမှ အာဇာနည်၁၇ဦးကို ဂါရဝပြုသည့် အနေဖြင့် ဖေဖော်ဝါရီလ ၂၁ရက်တွင် အဖွဲ့၁၇ ဖွဲ့မှ မဟာမုနိဘုရားကြီး သာသနာ၂၅၀၀မှ အာဇာနည် ၁၇ဦးအား ဂုဏ်ပြုထားရှိသည့် မန္တလေး-စစ်ကိုင်းလမ်းရှိ အာဇာနည် ဗိမ္မာန်သို့ ချီတက်လမ်းလျှောက် အလေးပြုမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးမင်းထက်ငြိမ်းချမ်းက ဇန်နဝါရီလ ၂၂ရက်တွင် မဇ္ဈိမကို ပြောသည်။

"ဒီပွဲက ကိုယ့်မြို့ကိုယ့်ရွာ သမိုင်းဖြစ်သလို မြန်မာ့သမိုင်းမှာလည်း အကြီးမားဆုံး ပြယုတ်တစ်ခုပါ။ ဒါကြောင့် အားလုံးပါဝင်သင့်ပါတယ်။ အားလုံးပူပေါင်းပါဝင်စေချင်တယ်"ဟု ဦးမင်းထက်ငြိမ်းချမ်းက ဆိုသည်။

ဂါရဝပြုချီတက်မည့် အဖွဲ့၁၇ဖွဲ့သည် အာဇာနည် ၁၇ဦး၏ ဓါတ်ပုံများ ကိုင်ဆောင်ပြီး အာဇာနည်ဗိမ္မာန်ရှိရာသို့ ချီတက်ဂါရဝပြုကြမည်။ ထိုသို့ ချီတက်ဂါရပြု အဖွဲ့များတွင် ရဟန်းပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်မည်ဖြစ်ကာ အဖွဲ့များ၏ အင်အားကို သတ်မှတ်ထားခြင်းမရှိဟု ဆိုသည်။

ယင်းသို့ ချီတက်ဂါရပြုမည့် တပို့တွဲလပြည့်ကျော် ၇ရက် (ဖေဖော်ဝါရီလ ၂၁ရက်) နံနက်တွင် ၁၃၀၀ ပြည့်အရေးတော်ပုံကို ဂုဏ်ပြုသောအားဖြင့် သံဃာအပါး ၁၃၀၀ကို ဆွမ်းလောင်းလှူ သွားမည်ဖြစ်သည်။

၁၃၀၀ပြည့် စိန်ရတုအခန်းအနားသို့ ဟံသာဝတီ ဦးဝင်းတင်နှင့် သမိုင်းပညာရှင် ဒေါက်တာတိုးနိုင်တို့ တက်ရောက်ကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားထားသည်ဟု ဦးမင်းထက်ငြိမ်းချမ်းက မဇ္ဈိမကို ပြောသည်။

ထိုနေ့တွင် ရဲဘော်ဗဟိန်းကိုလည်း ဂုဏ်ပြုသောအားဖြင့် အာဇာနည်ဗိမ္မာန်တွင် အထိမ်းမှတ်ကျောက်စာ စိုက်ထူသွားမည်ဖြစ်ပြီး ထိုကျောက်စာတိုင်ကို မူရင်းစာသားများအတိုင်း တမ္ပဝတီ ဦးအောင်မင်းက ထုဆစ်နေကြောင်း သိရသည်။

၁၃၀၀ပြည့် ရေနံမြေအရေးတော်ပုံတွင် အသက်ပေးခဲ့သည့် မန္တလေးမှ အာဇာနည် ၁၇ဦးသည် ဥူးပဏ္ဍိတ၊ ဥူးပညာဇောတ၊ ဥူးဝေပုလ္လ၊ ဥူးဇနိတ၊ ဥူးအာလောက၊ ဥူးကေလာသ၊ ဥူးကေတု၊ ဦးထွန်းအိ၊ ကိုခင်မောင်(ခေါ်)ကိုရွှေအိုး၊ ဗိုလ်ဘလွန်း၊ ဗိုလ်မူ၊ ဗိုလ်အောင်ထူး၊ ဗိုလ်ခင်မောင်၊ ဗိုလ်ဘဌေး၊ ဗိုလ်ထွန်းအောင်၊ ဗိုလ်လှမောင်နှင့် ဗိုလ်တင်အောင်တို့ဖြစ်သည်။
from Mizzima - News in Burmese

No comments:

Post a Comment