Sunday, August 4, 2013

ရပ်ဆိုင်းထားသော ထားဝယ် ကျောက်မီးသွေး ဓာတ်အားပေး စီမံကိန်း ပြန်အကောင်အထည် ဖော်မည်


ကန့်ကွက်မှုများကြောင့် ပြီးခဲ့သည့်နှစ်က ရပ်ဆိုင်းထားသော ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကို ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိသဖြင့် Clean Coal Technology ဖြင့် အကောင်အထည် ဖော်ရန် လျာထားကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အဆိုပါ မဂ္ဂါဝပ် ၆၀၀ ရှိ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အပြီးတည်ဆောက်မည် ဖြစ်သည်။

ယင်းနည်းပညာတွင် ကျောက်မီးသွေးရှိ အက်စစ်မိုး ရွာသွန်းစေသော ဆာလဖာဒိုင်အောက်ဆိုဒ်များကို ထုံးရေကြည်တွင် ဖြတ်သန်းစေခြင်း၊ ထွက်ရှိလာသော မီးခိုးမှုန်များကို တည်ငြိမ်လျှပ်စစ်ရှိသော ဒြပ်ပြားများဖြင့် မီးခိုးခေါင်းတိုင်အတွင်း ဖမ်းယူခြင်းစသည့် နည်းပညာများကို အသုံးပြုမည် ဖြစ်ကြောင်း ထားဝယ် စီးပွားရေးဇုန် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ၃၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဘာဝ ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို ထိုင်းအစိုးရအဖွဲ့၏ Electricity Generation Authority of Thailand (EGAT) က ၂၀၁၄ ခုနှစ် စက်တင်ဘာလ အပြီးတည်ဆောက်မည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အနေနှင့် ၁၈၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လအပြီး တည်ဆောက်မည်ဖြစ်ပြီး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို တတိယ အဆင့်အနေနှင့် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“သဘာဝဓာတ်ငွေ့ကလည်း မရှိတော့ဘူး။ ကျောက်မီးသွေးနဲ့ ထုတ်ရင် ဂက်စ်နဲ့ ထုတ်တာထက် တစ်ဝက်နီးပါး ကုန်ကျစရိတ် သက်သာတယ်။ ဓာတ်အားခကလည်း ရင်းနှီးမြှုပ်နှံသူတွေ သုံးနိုင်မယ့် ဈေးဖြစ်ဖို့ လိုတယ်။ ဒါကြောင့် ကျောက်မီးသွေးကို ရွေးတာပါ၊ Clean Coal Technology ကို သုံးမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဖြေကြားသည်။

သန့်စင်သော ကျောက်မီးသွး နည်းပညာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပါက နည်းပညာတစ်ခုတည်းကို မျက်စိမှိတ် မယုံကြည်သင့်ကြောင်း၊ အဆိုပါ နည်းပညာသည် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချခြင်းကို မဆောင်ရွက်နိုင်ခြင်း၊ အမှုန်များ၊ အဆိပ်ငွေ့များကို လေထုအတွင်းသို့ မရောက်အောင် ဆောင်ရွက်နိုင်သော်လည်း ၎င်းတို့ကို စွန့်ပစ် အညစ်အကြေးအဖြစ် စီမံခန့်ခွဲနိုင်မှု မရှိပါက မြေ၊ ရေ ညစ်ညမ်းမှုများ ဆက်ဖြစ်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သည့် EcoDev အဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြားသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံများ အနေနှင့် မတည်ကုန်ကျစရိတ် များသကဲ့သို့ ပြုပြင်ထိန်းသိမ်းစရိတ်လည်း များပြားသည့်အပြင် အရည်အသွေး မြင့်မားသော ကျောက်မီးသွေးကိုသာ အသုံးပြုရန် လိုအပ်သောကြောင့် ကုန်ကျစရိတ် လွန်စွာကြီးမားနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတည်ဆဲ သဘာဝပတ်ဝန်းကျင် ဥပဒေမှာ အားနည်းချက် များစွာရှိခြင်း၊ ဥပဒေ ချိုးဖောက်သူများကို အရေးယူသော ပြစ်ဒဏ်မှာ လေးစား လိုက်နာအောင် ပြင်းထန်မှု မရှိခြင်း၊ ပတ်ဝန်းကျင် စံသတ်မှတ်ချက်နှင့် ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်း၊ စောင့်ကြည့် အကဲဖြတ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ သတ်မှတ်ထားမှု မရှိခြင်းတို့ကြောင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံများဆောက်လုပ်ခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးသာများမည် ဖြစ်ကြောင်း ၎င်းကထောက်ပြ ပြောဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းကို မြန်မာနှင့် ထိုင်းအစိုးရတို့က လက်ရှိတွင် တာဝန်ယူ ဆောင်ရွက်နေပြီး ထားဝယ်ရေနက် စီမံကိန်း အဆင့် ၁၊ မြန်မာ-ထိုင်း အဝေးပြေး လမ်းမကြီး အဆင့် ၁၊ စက်မှုဇုန်များ၊ အလုပ်ရုံများ၊ စီးပွားရေး အဆောက်အအုံများ၊ လူနေအိမ်ရာများ၊ ဆေးရုံ၊ ကျောင်းနှင့် ဈေးစသည့် လူမှုရေး အဆောက်အအုံများကို ၂၀၁၅ ခုနှစ်ကုန်ပြီးရန် လျာထားသည်။

ပြီးခဲ့သည့် ထားဝယ် အထူးစီးပွားရေ ဇုန်တွင် မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ပါဝင်ခဲ့ပြီး ယင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအပေါ် ထိခိုက်နိုင် သဖြင့် ဒေသခံပြည်သူများက ကန့်ကွက် ဆန္ဒပြခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ရပ်ဆိုင်းခဲ့သည်။
 
From The Voice Weekly

No comments:

Post a Comment