ချောင်းအတွင်း တွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု စစ်တွေတွင် ဖြစ်ပွား
စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအနီးရှိ ဒုက္ခသည်
စခန်းတွင် တည်ဆောက်ထားသော လုံခြုံရေးရဲကင်း စခန်းတစ်ခုအား ဘင်္ဂါလီများက
မီးရှို့ဖျက်ဆီးမှု သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုနေ့နံနက် ၁၀ နာရီခန့်က စစ်တွေမြို့နယ်၊ အုန်းတောကြီးကျေးရွာ
အနီးရှိ ချောင်းအတွင်း ရော်ရှီ (၃၄ နှစ်) အမည်ရှိ ဘင်္ဂါလီအမျိုးသား
အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် နယ်မြေခံ ရဲစခန်းသို့ ယူဆောင်စစ်ဆေးရန်
ပြောကြားရာမှ ဘင်္ဂါလီများနှင့် ပြဿနာ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်တွင်
အုန်းတောကြီး ကယ်ဆယ်ရေး စခန်းအနီးရှိ ချောင်းဝရဲကင်း စခန်းအား ဘင်္ဂါလီများက
မီးရှို့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး
ဘောဒူဖတွင် တာဝန်ကျနေသော ရဲကင်းစခန်းမှ ရဲဝန်ထမ်း တစ်ဦးက
''အခုကျွန်တော်တို့လည်း သွားလို့မရဘူး ဖြစ်နေတယ်။ ကားလမ်းတွေမှာ
သစ်ပင်တွေကို လှဲထားတယ်။ မီးလောင်သွားတာတော့ ဟုတ်တယ်။ အသေးစိတ်တော့
မသိရသေးဘူး။ ဖုန်းပဲ အဆက်အသွယ်ရတယ်'' ဟု ပြောဆိုခဲ့ပါသည်။ ယင်းကိစ္စနှင့်
ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး
ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ''မီးရှို့ခံရတာတော့ ဟုတ်တယ်လို့
သိရတယ်။ သတင်းအပြည့်အစုံကို မသိရသေးဘူး ဖြစ်နေတယ်။ မကြာခင်
ထုတ်ပြန်နိုင်တော့မှာပါ'' ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်တွင်
လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပြီး
ထိခိုက်ဒဏ်ရာ ရသူများနှင့် သေဆုံးမှု ရှိ၊ မရှိကိုမူ အတည်ပြု
ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သြဂုတ် ၉ ရက် ညနေ ၎
နာရီခန့်တွင် ကားများသွားလာနိုင်ရန် လမ်းများကို ရှင်းလင်းနေပြီ
ဖြစ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်ဖြေရှင်း
နေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့
အုန်းတောကြီး ကျေးရွာတွင် ဖြစ်ပွားနေသော ဖြစ်စဉ်နှင့် ပတ်သက်၍
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ
ဒုတိယရဲမှူးကြီး မင်းအောင်က ''ဒီနေ့မနက်ပိုင်းက မှန်စီချောင်း ဘက်ကလို့
ယူဆရတဲ့ ဘင်္ဂါလီ အလောင်းတစ်လောင်း မျောလာပြီးတော့ အုန်းတောကျေးရွာ အနီးမှာ
ကမ်းတင်ခဲ့တယ်။ ဒါကိုလာကြည့်တဲ့ ဘင်္ဂါလီတွေက တဖြည်းဖြည်း များလာပြီး
အဲဒီအလောင်းကို ရွာထဲ သယ်သွားချင်တယ်လို့ ပြောတဲ့အတွက် နယ်မြေရဲရုံးမှာ
တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ စကားများတယ်။ တဖြည်းဖြည်း သူတို့က
လူများလာတဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ကို အပေါ်ထောင်ပြီး ပစ်ဖောက်
လူစုခွဲတယ်။ ဘင်္ဂါလီတွေက ချောင်းထဲက မျောလာတဲ့ လူသေအလောင်းကို အခြားသူတွေက
သတ်ခဲ့တယ်လို့ ထွက်နေတဲ့ ကောလာဟလတွေကို ယုံပြီးတော့ ရဲစခန်းကို
မီးရှို့ဖျက်ဆီးခဲ့တယ်။ အခုချိန်မှာတော့ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့
ယူဆထားတဲ့သူ ရှစ်ဦးကို ထိန်းသိမ်းထားပါတယ်။ လက်ရှိအချိန်မှာတော့
အုန်းတောကြီး ကျေးရွာမှာ လူစုကွဲသွားပေမယ့် ဘောဒူဖ ကျေးရွာမှာလည်း
စုဝေးနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ဆက်လက် မဖြစ်ပွားအောင် မော်လ၀ီ ဆရာတွေနဲ့
ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်'' ဟု သြဂုတ် ၉ ရက် ညနေ ၄ နာရီတွင် The
Daily Eleven သို့ ပြောကြားသည်။
ညနေ ၆ နာရီခွဲတွင် ဘင်္ဂါလီများက
စစ်တွေမြို့မှ ဘောဒူဖ ကယ်ဆယ်ရေးစခန်းသို့ သွားသည့်လမ်းကို ကျင်းတူးဖော်
ထားသောကြောင့် ကယ်ဆယ်ရေးစခန်းသို့ လုံခြုံရေးယူနေသော စစ်ကားများ၊
ရဲတပ်ရင်းများ၊ စစ်သားများမှာ လမ်းတွင် ပိတ်နေကြောင်း၊ ဘင်္ဂါလီများမှာ
လူစုလူဝေးများ ပြုလုပ်ကာ လုံခြုံရေး ၀န်ထမ်းများ တားဆီးထားသော
နေရာများသို့ လာရောက်ခြင်းများ ရှိကြောင်း သိရသည်။ အဆိုပါ ကယ်ဆယ်ရေး
စခန်းသို့ အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် Human Right Watch
ရောက်ရှိနေပြီး ၎င်းအဖွဲ့မှ ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား
ခိုက်ရန်ဖြစ်ပွားခြင်း မရှိစေရန် ညှိနှိုင်းပေးလျက် ရှိကြောင်း သိရသည်။
နယ်မြေအေးချမ်းရန် ရဲတပ်ရင်း ၃၃ နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုဖြစ်စဉ်တွင် ဆူပူမီးရှို့မှုများ အတွက် လူစုခွဲရန် သေနတ်ဖြင့်
ပစ်ခတ်မှုများ ရှိကြောင်း၊ လေးဦး သေဆုံးကြောင်း စသည့် အတည်မပြု
နိုင်သေးသော သတင်းများ ထွက်ပေါ်လျက် ရှိနေသော်လည်း အဆိုပါ ဖြစ်စဉ်နှင့်
ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး
ဦးရဲထွဋ်၏ ဖေ့ဘွတ်စာမျက်နှာ၌ ဖော်ပြရာတွင်မူ လူသေဆုံးမှုများ
မရှိကြောင်းနှင့် ဒဏ်ရာအနည်းငယ် ရရှိမှုများသာ ရှိကြောင်း
ရေးသားဖော်ပြခဲ့သည်။
from Eleven
No comments:
Post a Comment