အီရန်နိုင်ငံတွင် သြဂုတ် ၂ ရက်က အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ်
ပြုလုပ်ခဲ့ပြီး အီရန်သမ္မတအဖြစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသူ ရိုဟာနီက သူတို့၏
ရန်သူတော် အစ္စရေးနိုင်ငံကို "မွတ်စလင်ကမ္ဘာ၏ ဒဏ်ရာကြီးတစ်ခု" ဟု
ဝေဖန်တိုက်ခိုက်လိုက်သည်ဟု ဆိုသည်။
ရိုဟာနီက "ကျွန်တော်တို့ရဲ့ ဒေသတွင်းမှာ မြင့်မြတ်တဲ့ ပါလက်စတိုင်း နယ်မြေနဲ့ ချစ်သောကက်ဒ် (ဂျေရုစလင်) သိမ်းပိုက်ခံရတဲ့ အရိပ်မည်းကြီးအောက် အစ္စလာမ်ကမ္ဘာရဲ့ ခန္ဓာပေါ် နှစ်ပေါင်းများစွာ ကိန်းအောင်းနေတဲ့ ဒဏ်ရာကြီးတစ်ခု ရှိပါတယ်" ဟု နိုင်ငံတော် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
"မွတ်စလင်တွေဟာ သူတို့ရဲ့ သမိုင်းဆိုင်ရာ အခွင့်အရေးဖြစ်တဲ့ ဂျေရုဆလင်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ မွတ်စလင်တွေဟာ ရန်လိုမှုနဲ့ နိုင်ထက်စီးနင်းပြုမှုတွေကို ဆက်လက်ပြီး ဆန့်ကျင်တွန်းလှန်သွားမှာ ဖြစ်ပါတယ်" ဟု အီရန်နိုင်ငံ၏ နိုင်ငံရေး စံသတ်မှတ်ချက်များအရ အလယ်အလတ် သဘောထား ရှိသည်ဟု သတ်မှတ်ခံရသူ ရိုဟာနီက ပြောကြားခဲ့သည်။
သူ၏ မှတ်ချက်စကားကို ၁၉၇၉ ခုနှစ်တွင် အစ္စလာမ် နိုင်ငံတော်အဖြစ် အီရန်နိုင်ငံ ပြန်လည်မွေးဖွားလာပြီး ကတည်းက မပြောင်းမလဲ တည်ရှိခဲ့သော နိုင်ငံခြားရေး မူဝါဒ တစ်ရပ်အဖြစ် အစ္စရေးကို နိုင်ငံအနေဖြင့် အသိအမှတ်ပြုမှုကို ပယ်ချခြင်းနှင့် ပါလက်စတိုင်းတို့အား ကူညီထောက်ပံ့ခြင်းတို့နှင့် ပတ်သက်၍ အထူးပြုပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
အီရန်သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ရန် တစ်ရက်အလိုတွင် ပြောကြားခဲ့သည့် ရိုဟာနီ၏ မှတ်ချက်စကားကို အစောပိုင်းတွင် နိုင်ငံတော် မီဒီယာများက မှားယွင်းစွာ ကိုးကားဖော်ပြခဲ့ကြသည်။ ISNA နှင့် Mehr သတင်းဌာနများသည် "အစ္စရေး အစိုးရဟာ မွတ်စလင်ကမ္ဘာရဲ့ ခန္ဓာအပေါ် နှစ်များစွာအတွင်း ဒဏ်ရာကြီး တစ်ခုရအောင် လုပ်ထားတယ်။ ဒါကို ဖယ်ရှားရှင်းလင်း ပစ်ရမယ်" ဟု ရိုဟာနီက ပြောသည်ဟု မှားယွင်းဖော်ပြခဲ့ကြသည်။ နောက်ပိုင်းတွင် ISNA သည် ၎င်းတို့၏ ဖော်ပြချက် မှားယွင်းကြောင်း သိရှိပြီး ပြင်ဆင်ပေးခဲ့သည်။ Mehr သတင်းဌာနကမူ မည်သည့်ရှင်းလင်းချက်ကိုမျှ မပေးဘဲ ၎င်းတို့၏ ဖော်ပြထားမှုကို ပြန်လည်ပယ်ဖျက်ခဲ့သည်။
အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုသည် သတင်းဌာနများ၏ အစောပိုင်း ဖော်ပြချက်များကို အခြေခံလျက် ရိုဟာနီ၏ မှတ်ချက်စကားကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ နေတန်ယာဟုက "အီရန်တွေ အနေနဲ့ ဒီမှတ်ချက်တွေကို အတည်မယူပါဘူးလို့ ငြင်းဆိုခဲ့ရင်တောင် ဒီမှတ်ချက်က ဒီလူဘာတွေ တွေးနေလဲ ဆိုတာနဲ့ အစိုးရရဲ့ အစီအစဉ်တွေက ဘာလဲဆိုတာကို ထင်ဟပ်ပြနေပါတယ်" ဟု ပြောကြားခဲ့သည်။
from :AFP

No comments:
Post a Comment