ရခိုင်ပြည်တွင် သယံဇာတ အကျိုးခံစားခွင့်ရရှိရေး လက်မှတ် ၃ သိန်းကောက်ခံကာ နိုင်ငံ့အကြီးအကဲများထံ တင်ပြမည်
ရခိုင်ပြည်တွင် မြန်မာအစိုးရနှင့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ
ပူးပေါင်းလုပ်ကိုင်လျှက်ရှိသော သယံဇာတ စီမံကိန်းများမှ ရခိုင်ပြည်သူများက
အချိုးကျ အကျိုးခံစားခွင့်ရရှိရေးအတွက် လက်မှတ် ၃ သိန်းကောက်ခံပြီး
နိုင်ငံ့အကြီးအကဲများဖြစ်သော သမ္မတ ဦးသိန်းစိန် အပါအ၀င်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ဥက္ကဌများထံ
တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်သူများအနေဖြင့် သယံဇာတများ အချိုးကျခံစားခွင့် ရရှိရန်
လူထုဆန္ဒလက်မှတ်များ ကောက်ခံလှုပ်ရှားမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၈ ရက်နေ့တွင်
ရန်ကုန်မြို့ရှိ ရခိုင်များနှင့် ရခိုင်ပြည် မြို့နယ်တိုင်းရှိ
ဒေသလူထုတို့အား ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီများ
အသီးသီးမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၈
ရက်နေ့ကစ၍ ရက်ပေါင်း ၆၀ အတွင်း လူထုလက်မှတ် ၃ သိန်းကို ကောက်ခံမှာဖြစ်ပြီး
ရရှိလာသော လက်မှတ်များကို အထက်ပါ နိုင်ငံ့အကြီးအကဲများထံ
တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီများ၏ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဇော်ဦးမှ ပြောသည်။
“ အဲဒီ ၁၈ ရက်နေ့ကစလို့ လာဖို့ ရက်ပေါင်း ၆၀ အတွင်းမှာ လက်မှတ် ၃
သိန်းရအောင်ကောက်ပါမယ်။ အောက်တိုဘာ ၁၈ ရက်နေ့ထိ ကောက်ခံသွားမယ်။
လက်မှတ်ကောက်ခံဖို့ စာရွက်တွေကို မြို့နယ်တိုင်းကို ပို့ပေးထားပါတယ်။
ရန်ကုန်ကိုလည်း ပို့ထားပါတယ်။ ရန်ကုန်မှာတော့ ရခိုင်အမျိုးသားတွေ
လက်မှတ်ထိုးပါမယ်။ ရခိုင်ပြည်မှာကတော့ ဒေသလူထု အားလုံးသူ ထိုးကြပါမယ်။
ကျနော်တို့က လက်မှတ်ထိုးမယ့်သူတွေကို စာရွက် ၃ စောင်ချပြတယ်။ ပထမစာရွက်က
ပြည်ထောင်စု သမ္မတ ဦးသိန်းစိန်ထံပို့ပေးမယ့် စာတစ်စောင်၊ ပြည်သူ့လွှတ်တော်
ဥက္ကဌ ပို့မယ့် စာတစ်စောင်နဲ့ အမျိုးသားလွှတ်တော် ကိုပို့မယ့် စာတစ်စောင် ၃
စောင်ဖြစ်ပါတယ်။ အဓိကတော့ သယံဇာတရဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သက်လို့
ရခိုင်တွေကို အချိုးကျခွဲပေးရမယ်ဆိုတဲ့ သဘောပါ။ ” ဟု သူက ဆိုသည်။
လက်မှတ်များ ကောက်ခံရာတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို
အခြေခံပြီး ဒေသလူမှုအဖွဲ့စည်းများနှင့် ဖွဲ့စည်းထားသေား ရခိုင့်သယံဇာတ
အကျိုးခံစားခွင့် ရရှိရေး ကော်မတီများမှ လက်မှတ်များ
ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်တွင်
လက်ရှိအကောင်အထည်ဖေါ်နေသော မြန်မာ-တရုတ် ရေနံသဘာဝဓါတ်ငွေ့စီမံကိန်းမှ
တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ပို့လွှတ်နေမည်ဖြစ်ပြီး
ရခိုင်ပြည်အတွက် ကုဗပေ သန်း ၂၀ ကို အသုံးပြုမည် ဖြစ်ကြောင်း အစိုးရက
တရားဝင် ထုတ်ပြန်ထားသည်။
ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး
ကော်မတီကို ရခိုင် ကျောက်ဖြူ-တရုတ် ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
ပို့လွှတ်မှု မစတင်မီ ရက်ပိုင်းခန့် အလိုတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဌာနချုပ်ရုံးတွင် ဇူလိုင်
၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
from Arakan Times
No comments:
Post a Comment