နံ့သာမြိုင်စခန်း ထောက်ပံ့ငွေ ခေတ်နှင့်မညီ၍ တိုးမြှင့်ပေးရန် လို
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် နံ့သာမြိုင် စခန်းရှိ အနာကြီး ရောဂါ
သည်များကို အစိုးရက ထောက်ပံ့ ထားသော ထောက်ပံ့ငွေကြေး မှာ ခေတ်နှင့်
လျော်ညီမှု မရှိသောကြောင့် ထောက်ပံ့ကြေးငွေ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း
နံ့သာမြိုင်စခန်း တာဝန်ရှိသူများနှင့် ယင်းစခန်း နေထိုင်သူ များက
တညီတညွတ်တည်း ပြောကြားသည်။
“ဒီထောက်ပံ့ငွေက ခေတ်နဲ့ မညီတော့ဘူး။ တိုးပေးသင့်ပါတယ်” ဟု မတ္တရာမြို့နယ်
နံ့သာမြိုင်စခန်း တာဝန်ခံ ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။
ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် တစ်လ ၆၀၀ ကျပ် ရရှိသည်ကို တစ်လ လျှပ်စစ်မီး
သုံးစွဲကြေး ၃၀၀ ကျပ် ပေးပြီးပါက မည်သို့မျှ မကျန်တော့ကြောင်း
နံ့သာမြိုင်စခန်းတွင် နေထိုင်သူ ဒေါ်စန်းရင်က ပြောကြားသည်။
ယင်းနံ့သာမြိုင် စခန်းမှ အနာကြီး ရောဂါသည်များကို ဆေးရုံ ကြီးကြပ် ကော်မတီ
ရန်ပုံငွေ ထားရှိကာ ဝေဒနာရှင်များ ကို ထောက်ပံ့ကြောင်း၊ တစ်လလျှင် ရောဂါရှိ
အသက် ၆၀ နှစ်အထက် တစ်ဦးလျှင် ၆၀၀ ကျပ်၊ ရောဂါရှိ အသက် ၆၀ နှစ် အောက်
မိသားစုနှင့် အတူနေ တစ်ဦးလျှင် ၄၅၀ ကျပ်၊ ရောဂါရှိ တစ်ဦးတည်းနေ
တစ်ဦးလျှင် ၆၀၀ ကျပ်၊ ရောဂါမရှိ အသက် ၁၅ နှစ်အောက် မိသားစုနှင့် အတူ
နေသူနှင့် ရောဂါ မရှိ အသက် ၆၀နှစ်အထက် မိသားစုနှင့် အတူနေသူ တစ်ဦးလျှင်
၁၅၀ ကျပ်၊ ရောဂါမရှိ အသက် ၁၅ နှစ်အောက် ရောဂါ မရှိ အသက် ၆၀ နှစ် အထက်
တစ်ဦးတည်းနေ တစ်ဦးလျှင် ၄၅၀ ကျပ် ထောက်ပံ့ထားကြောင်း၊ စခန်း တာဝန်ခံနှင့်
အဖွဲ့ဝင် ရေစက်မောင်း စာရေးတို့ကို ရသင့် ရထိုက်သည့် ထောက်ပံ့ကြေးငွေအပြင်
အပိုဆောင်းငွေ တစ်ဦးလျှင် ၆၀၀ ကျပ်တို့ ထောက်ပံ့ကြောင်း နံ့သာမြိုင်စခန်း
တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
၁၉၉၀ ပြည့်နှစ် စက်တင်ဘာလက
မန္တလေး အပါအဝင် မြို့ရွာ အသီးသီးမှ အနာကြီး ရောဂါသည် များကို စုစည်း၍
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်တွင် နံ့သာမြိုင်စခန်း ဖွင့်လှစ်၍
ထားရှိထားသည်။
from The Voice Weekly
No comments:
Post a Comment