အခွန်ရှောင်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
အခွန်တိမ်းရှောင်သူများ ရှိနေသောကြောင့်
ရသင့်ရထိုက်သော အခွန်များ ရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကော်မတီနှစ်ခု
ပူးပေါင်းကာ အစီရင်ခံစာတစ်စောင် တင်သွင်းရန် လိုအပ်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းက သြဂုတ် ၁ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြောကြားသည်။
နယ်စပ်သွင်းကုန်များအတွက် နှစ်စဉ်ကြိုတင်ခွန်
ကောက်ယူထားပြီး စာရင်းမပို့မှုများ ရှိနေ၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်
အခွန်ကျပ်သန်းပေါင်း ထောင်သောင်းချီ ဆုံးရှုံးမှုများ ရှိနေသည့်အပေါ် စစ်ဆေးရန် ရှိ၊
မရှိ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်တင်နွယ်ဦးက မေးမြန်းရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က
ပြန်လည်ဖြေကြားမှု ပြုလုပ်ခဲ့သည်။
သို့သော် ဘဏ္ဍာရေး ဒုဝန်ကြီး၏ ဖြေကြားမှုတွင်
အခွန်ကောက်ခံသူများ စာရင်းမပေးပို့ခြင်း အပိုင်းထက် ၀င်ငွေခွန်ကြေညာလွှာ မတင်သည့်
ကုမ္ပဏီများ၊ အခွန်ရှောင်သည့် ကုမ္ပဏီများကို ၀င်ငွေခွန် ဥပဒေအရ အရေးယူမည့်
အပေါ်တွင်သာ ပြန်လည်ဖြေကြားခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက
ယင်းဖြေကြားချက်မှာ ထိုက်သင့်သလောက်သာ လုံလောက်မှုရှိခြင်းကြောင့် ပြည်သူ့လွှတ်တော်
ကော်မတီနှစ်ခုပေါင်းကာ အစီရင်ခံစာတစ်စောင် တင်သွင်းရန် လိုအပ်သည်ဟု
ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
"အကြံပြုချင်တာက ပြည်သူ့ငွေစာရင်း ကော်မတီအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
နှစ်ဖက်ပြေလည်အောင်၊ ပြီးတဲ့အခါမှာ မိမိတို့ ရသင့်ရထိုက်တဲ့ အခွန်တွေရအောင်
ဘယ်လိုများ ဆောင်ရွက်ရမလဲဆိုတဲ့ သုံးသပ်အကြံပြုချက်၊ ထိုနည်းတူစွာပဲ ဘဏ္ဍာရေးနှင့်
အခွန်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေနဲ့လည်း အခုတင်ပြဆွေးနွေးချက်အပေါ်
မူတည်ပြီးတော့ အခွန်တွေ မှန်မှန်ကန်ကန် ရရှိအောင်၊ အလေအလွင့် မရှိအောင်၊
စနစ်တကျရှိအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ သုံးသပ်အကြံပြုချက်များကို ကျွန်တော်တို့
လွှတ်တော်ကို ပေးပို့မယ်ဆိုရင် ဒီပေါ်မူတည်ပြီးတော့ လွှတ်တော်မှာ အပတ်စဉ်ပြုလုပ်နေတဲ့
ကော်မတီဥက္ကဋ္ဌများ အစည်းအဝေးမှာ တင်ပြခြင်းအားဖြင့် ကောင်းမွန်တဲ့ အဖြေတစ်ခု
ရရှိနိုင်ပါတယ်။ ဒါကြောင့် ပြည်သူ့ငွေစာရင်း ကော်မတီနဲ့ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ပေါင်းပြီး အစီရင်ခံစာကို တိုတိုနဲ့လိုရင်း
တင်သွင်းဖို့ လိုအပ်ပါတယ်" ဟု ပြောကြားသည်။
အစိုးရသစ်လက်ထက် ပထမဆုံး စည်းကြပ်နှစ်တွင်
ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အရပ်ရပ်သည် ကျပ်ဘီလျံ ၁၅၀၀ ကျော်သာ
ရရှိသော်လည်း ဒုတိယ စည်းကြပ်နှစ်တွင်မူ ကျပ်ဘီလျံ ၂၅၀၀ ကျော်အထိ ရရှိကြောင်း
သိရသည်။အခွန်တိုးတက် ရရှိသည်ဟု ဆိုရာတွင် အခွန်ရှောင်သူများ ပေးဆောင်လာ၍
တိုးတက်ရရှိခြင်းထက် ပုံမှန်အခွန် ပေးဆောင်နေသည့် အများပြည်သူမှအစ အလယ်အလတ်စား
လုပ်ငန်းရှင်နှင့် လုပ်ငန်းရှင်ကြီး အချို့၏ တိုးတက်ပေးဆောင်မှုကြောင့်သာ ရရှိခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ
ချမ်းသာသူများ ရှိသော်လည်း အဆိုပါ ကြွယ်ဝသူများ၏ ပိုင်ဆိုင်မှုနှင့်
အခွန်ဆောင်ထားမှုမှာမူ များစွာကွာဟလျက် ရှိသည်အထိ နှစ်စဉ်အခွန်
တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။
From DVB
No comments:
Post a Comment