Sunday, August 4, 2013

ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးရွားဆုံး စံချိန်တင် မြင့်တက်ခဲ့သော သောင်ရင်းမြစ်ရေကြောင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး လက်လုပ်လက်စားများ ပြန်လည်ထူထောင်ရန် ခက်ခဲလျက်ရှိ


ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးရွားဆုံး စံချိန်တင် မြင့်တက်ခဲ့သော သောင်ရင်းမြစ်ရေကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး သောင်ရင်းကမ်းစပ်အနီး နေထိုင်ကြသည့် လက်လုပ်လက်စားများမှာ ပြန်လည်ထူထောင်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁ ရက်တွင် သောင်ရင်းမြစ်ရေ လျော့ကျကာ ပုံမှန်အတိုင်း စီးဆင်းနေပြီ ဖြစ်သော်လည်း လူသုံးဦး သေဆုံးခဲ့ကာ အပျက်အစီး စာရင်းများကိုခန့်မှန်းတွက်ဆရန် ခက်ခဲပြီး ယခုနှစ် မြစ်ရေတက်မှုကြောင့် ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း မြ၀တီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
သောင်ရင်းမြစ်ရေ မြင့်တက်မှုသည် စိုးရိမ်ရေမှတ် ၁၂ ပေထိ မြင့်တက်ခဲ့၍ နာဂစ်ဖြစ်စဉ်က စိုးရိမ်ရေမှတ်နှင့် တူညီခဲ့သော်လည်း သေဆုံးသူ သုံးဦးသာ ရှိခဲ့ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက သြဂုတ် ၂ ရက်က ကျောက်လုံးကြီး ဓမ္မရိပ်သာတွင် ရေဘေးသင့်ပြည်သူများအား ငွေနှင့်စားသောက်ဖွယ်ရာ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော် အကြီးအကဲ၊ ပြည်ထောင်စုအစိုးရ၊ ၀န်ကြီးဌာနများနှင့် အလှူရှင်များမှလည်း ကရင်ပြည်နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စု ၈၆၀၀ ကျော်တို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လှူဒါန်းလျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

သို့သော် သောင်ရင်းကမ်းစပ်ရှိ နယ်စပ်ဖြတ်ကျော် လှေဂိတ်များမှ ကုန်သွယ်မှုကို အမှီပြု နေထိုင်ကြသည့် လက်လုပ်လက်စားများ၏ နေအိမ်များမှာ ခေါင်မိုးအထိ ရေနစ်မြုပ်ပြီး ပြိုလဲကာ ရွှံ့နွံများအောက်သို့ပင် ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သောင်ရင်းမြစ်ကမ်းစပ်ရှိ (၁၀) ဂိတ်၊ (၁၁) ဂိတ်၊ (၉၉၉) ဂိတ်ဝင်း အပါအ၀င် ကမ်းစပ်တစ်လျှောက်မှ နေအိမ်အလုံး ၅၀ ထက်မနည်း ပြိုလဲပျက်စီးမှုများ ကြုံတွေ့ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment