Tuesday, August 20, 2013

ချင်းပြည်နယ်တွင် တက္ကသိုလ်ထားရှိရေး ချင်းကျောင်းသားများသမဂ္ဂ တောင်းဆို

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အားအနည်းဆုံးဟု သတ်မှတ်ခြင်းခံထားရသော ချင်းပြည်နယ်တွင် တက္ကသိုလ် (သို့မဟုတ်) ကောလိပ်တစ်ခု ထားရှိရန်အတွက် ချင်းကျောင်းသားမျ...ား သမဂ္ဂ (ကလေး) က သြဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ကြောင်း အဆိုပါ သမဂ္ဂမှ ဒုတိယဥက္ကဋ္ဌ ဆလိုင်းဒေါသ်လျန်မှုန်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ကြေညာချက်ကို ကလေးမြို့နယ်အတွင်းရှိ တက္ကသိုလ်သုံးခုမှ ချင်းကျောင်းသား၊ ကျောင်းသူ လေးထောင်ခန့် ကိုယ်စားပြု၍ တက်ရောက်လာသော ချင်းကျောင်းသား ခေါင်းဆောင်များက ထောက်ခံလက်မှတ် ရေးထိုးခြင်းဖြစ်ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းရေးရာ ဝန်ကြီးတို့ထံ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“မြန်မာနိုင်ငံက ကျန်တဲ့ ပြည်နယ်၊ တိုင်းတွေအားလုံးမှာ တက္ကသိုလ်၊ ကောလိပ် တစ်ခုစီ ရှိကြတယ်။ ချင်းပြည်နယ်မှာ ဘာလို့မထားပေးတာလဲ။ တက္ကသိုလ် မရှိတဲ့အတွက် ချင်းပြည်နယ်က ကျောင်းသား တွေက တခြားပြည်နယ်၊ တိုင်းတွေက တက္ကသိုလ်တွေမှာ သွားတက်နေကြရတယ်” ဟု အဆိုပါသမဂ္ဂမှ ဒုတိယဥက္ကဋ္ဌ ဦးဗန်ထောင်းထန်က ဆိုသည်။

အခြားတိုင်းနှင့် ပြည်နယ်တိုင်းတွင် တက္ကသိုလ်၊ ကောလိပ်များ ရှိသောကြောင့် ချင်းပြည်နယ်တွင်လည်း တက္ကသိုလ်၊ ကောလိပ်များရှိရန် လိုအပ်သော်လည်း တည်ဆောက်ရန် အတွက် နေရာရွေးချယ်ရန် အခက်အခဲရှိပြီး ၎င်း၏အတွေ့အကြုံအရ ချင်းကျောင်းသားများသည် အခြားဒေသများတွင်သာ တက္ကသိုလ် တက်ရောက်လိုသူ များသောကြောင့် ကျောင်းသားနည်းမည် ဆိုပါကလည်း အခက်အခဲ ရှိနိုင်မည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောကြားသည်။

ချင်းပြည်နယ်တွင် တက္ကသိုလ်တစ်ခု ထားပေးသင့်ကြောင်း၊ အစိုးရ၏ အကြောင်းပြချက်မှာ တက်မည့်ကျောင်းသား မရှိသဖြင့် ထားမပေးခြင်းဟု ဆိုသော်လည်း တက္ကသိုလ် ရှိပါက ကျောင်းသားရှိလာမည် ဖြစ်ကြောင်း၊ တက္ကသိုလ်မရှိဘဲ ကျောင်းသားရှိလာမည် မဟုတ်ကြောင်း ကလေးတက္ကသိုလ်ရှိ ချင်းလူမျိုး နည်းပြဆရာတစ်ဦးက မှတ်ချက်ပေး ပြောကြားသည်။

ကလေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ကလေး)၊ နည်းပညာတက္ကသိုလ် (ကလေး) တို့ရှိ ချင်းကျောင်းသားများဖြင့် ဖွဲ့စည်းထားသော ယင်းသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် အချက်လေးချက် ပါဝင်ပြီး ယင်းအချက် လေးချက်ထဲတွင် ချင်းလူမျိုးများ၊ ချင်းအဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုသော ချင်းပြည်နယ်သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ယခုအချိန် ထိကောလိပ်၊ တက္ကသိုလ် မထားရှိခြင်းသည် အံ့သြစရာတစ်ခု ဖြစ်ကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းများမှာ ကောလိပ် (သို့) တက္ကသိုလ် အားလုံးထားရှိပြီး ဖြစ်သဖြင့် ယခုလက်ရှိ ချင်းလူမျိုး တက္ကသိုလ်ကျောင်းသားများနှင့် နောင်လာမည့် ကျောင်းသားအားလုံးက အမိပြည်နယ် အတွင်းသာ တက္ကသိုလ်ပညာ သင်လိုကြောင်း ပြင်းထန်စွာ ဆန္ဒထုတ်ဖော် လိုက်သည်ဟုလည်း ပါရှိသည်။

from The Voice Weekly

No comments:

Post a Comment