လူပေါင်း ၆၀၀ ကျော် ရောင်းစားမှု သံသယရှိသူ မြန်မာနိုင်ငံသားကို ဖမ်းဆီး
ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာနိုင်ငံသား ၆၀၀ ကျော်ကို လူကုန်ကူးမှု၊
လူ ၁၀ ဦးကို သတ်ဖြတ်မှု စတဲ့ ရာဇ၀တ်မှု သံသယတွေနဲ့ မြန်မာနိုင်ငံသားတဦးကို
ထိုင်းအာဏာပိုင်နဲ့ မြန်မာသံရုံးတာ ၀န်ရှိသူတွေ ပူးပေါင်းပြီး မနေ့က
ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ လွန်ခဲ့တဲ့
မတ်လကစပြီး လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေ စုံစမ်းကောက်ယူပြီးတဲ့နောက်
ဆူရတ်ဌာနီမြို့ ရာဘာခြံတခုမှာ သွားဖမ်းခဲ့တာပါ။
ဖမ်းဆီးရာမှာ
တာဝန်ရှိသူတွေကို သူက ပြန်ပြီးခုခံလို့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက်
ဒဏ်ရာရသွားတယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားဆိုင်ရာ
ညွှန်ကြားရေးမှူုး ဦးနိုင် ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“လူမှောင်ခိုကူးမှုကို လုပ်နေတဲ့ ခေါင်းဆောင် ကိုမျိုးကို ဟိုနေ့က
သက်ဆိုင်ရာ ရဲအဖွဲ့တွေ၊ နယ်မြေခံရဲ၊ ထောက်လှမ်းရေးရဲ၊ လူကုန်ကူးမှုရဲ
အဲဒီလို ရဲအဖွဲ့ပေါင်းစုံကနေပြီးတော့ မနေ့က ဒီစူရတ်ဌာနီ ရာဘာခြံတောထဲမှာ
သူကို အရှင် ပစ်ခတ်ပြီးတော့ ဖမ်းမိခဲ့တယ်။ တပည့်တယောက်ကို အရင်ဖမ်းမိလို့
သူ့ရဲ့ဖုန်းကို လိုက်ရင်း လိုက်ရင်းနဲ့ ဒီစူရတ်မှာ ရှိတယ်ဆိုပြီးတော့
မနေ့က ဖမ်းမိတာ။ သေနတ်နဲ့ ပစ်ဖမ်းတော့ သူ တင်ပဆုံထဲကို ကျဉ်ဆန်ဝင်သွားတယ်။
စူရတ်ဌာနီ ဆေးရုံမှာ သူ့ကို ချုပ်ထားတယ်။”
ကိုမျိုးရဲ့ အဖွဲ့ဝင် ၄ ဦးကိုလည်း ထိုင်းရဲတွေက ဒီကနေ့ လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
အသက် ၄၂ နှစ်ရွယ် ကိုမျိုးဟာ ပဲခူးတိုင်း က၀မြို့နယ်ကဖြစ်ပြီး လွန်ခဲ့တဲ့
၁၈ နှစ်လောက်ကတည်းက ထိုင်းနိုင်ငံထဲကို အလုပ်သမားအနေနဲ့ ၀င်ရောက်တာလို့
ဆိုပါတယ်။
သူဟာ ထိုင်းတောင်ပိုင်း တရန်းခရိုင် ကဒန်
လှေဆိပ်တလျှောက်မှာ ကျင်လည်ကျက်စားပြီး အလုပ်လာလုပ်တဲ့
မြန်မာနိုင်ငံသားတွေကို ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားတာ၊ ခြိမ်းခြောက်၊
ဗိုလ်ကျ၊ နှိပ်စက်၊ လူသတ်၊ မုဒိမ်းကျင့်တာတွေ လုပ်ခဲ့တယ်လို့
အလုပ်သမားတွေရဲ့ အပြောနဲ့ တခြားသက်သေ အထောက်အထားတွေ ကိုးကားပြီး
ဦးနိုင်ထွန်းက ပြောပါတယ်။
“မြန်မာပြည်ကနေပြီး လူတွေ ခေါ်တယ်၊
လှေပေါ်ကို ရောင်းစားတယ်။ ရောင်းစားတဲ့ဟာက ခန့်မှန်းခြေ ၇၀၀
လောက်ရှိတယ်လို့ သိရတယ်။ လှေပေါ် မတက်ချင်ဘူးဆိုရင် အဲဒီလူတွေကို
သူသတ်တယ်၊ သူ့အိမ်ထဲမှာလည်း သတ်တယ်၊ လှေပေါ်မှာလည်း သတ်တယ်။ သတ်ထားတဲ့
သွေးတွေကို သူ့နံရံမှာ သုတ်ထားတယ်။ ကြိုးဆွဲချပြီး သတ်ထားတဲ့ လူတွေကိုလည်း
ကြိုးတွေကို ဒီအတိုင်းထားတယ်။ အဲဒီသဘောက နောက်ရောက်လာတဲ့လူတွေကို
နမှုနာပြဖို့ ထားထားတာ။ အဲဒီအချက်အလက်တွေ အကုန်လုံးလည်း ကျနော်တို့ဆီမှာ
ရှိထားပြီးပြီ။ ကရင်မလေးတယောက်ကိုလည်း သူတို့အဖွဲ့
အဓမ္မ ပြုကျင့်သတ်ပြီးတော့ ပင်လယ်ထဲ ပစ်ချတယ်။
အလောင်းလည်း ဆယ်လို့ရတယ်။ ကိုမျိုးတပည့်တယောက်ကို မေးမြန်းတဲ့အချိန်မှာ
အလောင်းပုံတွေ ဘာတွေ ပြတော့ သူဝန်ခံတယ်၊ ကိုမျိုးတို့နဲ့အတူတူ
သတ်ခဲ့ပါတယ်လို့ ပြောတယ်။”
ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက
ကိုမျိုးအနေနဲ့ ဆယ်နှစ်ကျော် ပြစ်မှုတွေ ဆက်တိုက် ကျူးလွန်လာနိုင်တာဟာ
ဒေသခံရဲတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်လို့ ဖြစ်ကြောင်း ပြောပါတယ်။
“ထိုင်းလ၀က အရာရှိဟောင်းတယောက်ရဲ့ မွေးစားသားအဖြစ် ခံယူထားပြီး
ကျောထောက်နောက်ခံရှိတဲ့ လူအနေနဲ့ ပိုပြီးတော့ လက်ရဲဇက်ရဲ နိုင်တာပေါ့။
ဥပမာ လူ ၆၀၀၊ ၇၀၀ လောက် ဒီလှေဆိပ်ထဲမှာ လူလုပ်အား အရင်းအမြစ်ကို
သူခံစားနေရတယ်။ အလုပ်သမားတွေရဲ့ ပြောပြချက်အရ တလကို ဘတ် ၈ သိန်းလောက်
ဝင်ငွေရှိတယ်။ သာမန် သူဌေးတောင်မှ မစီးနိုင်တဲ့ ဘတ်
သုံးသန်းကျော်လောက်တန်တဲ့ ဆိုင်ကယ် စီးနိုင်တယ်။ သူက ဒေသခံ
အရာရှိဟောင်းတွေရဲ့ အကာအကွယ်ကို ယူထားပြီး အဓိက လူကုန်ကူးမှုကို
လုပ်တာပေါ့။ ထိုင်းနိုင်ငံမှာ အကြီးဆုံးပဲ။”
သွားရောက်ဖမ်းဆီးတဲ့အဖွဲ့မှာ ထိုင်းအစိုးရထောက်လှမ်းရေးအဖွဲ့၊
လူကုန်ကူးမှု နှိမ်နင်းရေး တပ်ဖွဲ. ကမ္ဘာလှည့် ခရီးသည် ဆိုင်ရာ ရဲတပ်ဖွဲ.
နယ်မြေခံ ရဲတပ်ဖွဲ့တို့ စုစုပေါင်း အင်အား ၃၀ ကျော် ပါဝင်တယ်လို့
ဆိုပါတယ်။ သူ့ကို ဖမ်းဆီးရမိတဲ့အကြောင်းနဲ့ပတ်သက်ပြီး ထိုင်းတောင်ပိုင်း
ဟတ်ယိုင်မြို့မှာ ထိုင်းအလုပ်သမားဝန်ကြီးချုပ် ချလိုမ်ယူဘန်းရုန်း
ကိုယ်တိုင် ဩဂုတ် ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်လို့
ဦးနိုင်ထွန်းက ပြောပါတယ်။
from DVB
No comments:
Post a Comment