အစ္စရေး အနေဖြင့် လက်ရှိ အီဂျစ် ကြားဖြတ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် ရန် ပြင်ဆင်နေသည်။
...
အစ္စရေး အစိုးရသည် အီဂျစ်စစ်တပ်ကို ပူးပေါင်း ကူညီမှုများ ပြုလုပ်လာဖွယ် ရှိနေကြောင်း သတင်းများက ခန့်မှန်း ဖော်ပြလာခဲ့သည်။အီဂျစ်အနေဖြင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းမှုကြောင့် လူပေါင်း ထောင်နှင့်ချီ သေဆုံးသည်ဟု ယူဆရသော အခြေအနေ များ ဖြစ်ပေါ်ခဲ့သည့်နောက် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အဆိုပါ အာဖရိက နိုင်ငံနှင့် စစ်ရေး ပူးပေါင်းမှုများကို ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်သည် အီဂျစ်နှင့်အတူ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို လတ်တလော ဖျက်သိမ်းထားကြောင်း ကြေညာခဲ့သည်။ ထိုအချိန်တွင် အစ္စရေးက ဆီနိုင်းကျွန်းဆွယ်ရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် အီဂျစ်စစ်တပ်ကို ကူညီလာဖွယ် ရှိနေကြောင်း သိရသည်။
အီဂျစ်တွင် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့က ထောက်ခံသည့် အစိုးရကို ဖြုတ်ချပြီးနောက် သမ္မတဟောင်း မိုဟာမက် မော်စီကို လိုလားသူများက ဆန္ဒပြခဲ့ကြသည်။ ယင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ခပ်ကြမ်းကြမ်းကိုင်တွယ် နှိမ်နင်းခဲ့သည့်နောက် ပြဿနာများ ပြင်းထန်ဆိုးရွားလျှက် ရှိသည်။ အစ္စရေး အနေဖြင့် လက်ရှိ အီဂျစ် ကြားဖြတ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်။ အဆိုပါ နှစ်နိုင်ငံသည် ရှည်လျားသော နယ်နိမိတ် စည်းမျဉ်းတစ်လျှောက် လှုပ်ရှားနေသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို တွန်းလှန်ရန် အပြန်အလှန် မှီခိုထားရသည်။
အစ္စရေးဟာ ဘယ်တော့မှ အီဂျစ် အစိုးရနဲ့ ပတ်သက်ပြီး ဘာမှ စွက်ဖက်မှာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ နေရာမဟုတ်သလို၊ ကျွန်တော်တို့ရဲ့ ကိစ္စလည်း မဟုတ်ဘူးလေဟု အစ္စရေး အမျိုးသား လုံခြုံရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဂီအိုရာ အီလန်က ပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိ အခြေအနေတွင် ဆီနိုင်းမှ စစ်သွေးကြွများကို ဖိနှိပ်ရေးအတွက် အစ္စရေးက အီဂျစ်ကို လက်ကမ်းလိမ့်မည်ဟု သတင်းများက အခိုင်အမာ သုံးသပ်နေဆဲ ဖြစ်သည်။ ထို့အပြင် တူရကီဝန်ကြီးချုပ် အာဒိုဂန်ကလည်း အီဂျစ်၌ ပေါ်ပေါက်ခဲ့သည့် ဇူလိုင် ၃ ရက် စစ်တပ်အာဏာသိမ်းမှုတွင် အစ္စရေးက ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ အီလန်ကမူ တစ်ချိန်ချိန်မှာတော့ အီဂျစ်နဲ့ အစ္စရေးမှာ အလေးထားတဲ့ ကိစ္စ၊ စိတ်ဝင်စားတဲ့ ကိစ္စက တူညီနေရင် ဝေမျှတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အစ္စရေးရဲ့ ဆန္ဒကတော့ ရှင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီဂျစ်အစိုးရကို တည်ငြိမ်မှု ရှိစေချင်တယ်ဟူ၍မူ မှတ်ချက်ပြုခဲ့သည်။
အီဂျစ်နှင့် အစ္စရေးတို့သည် ပြီးခဲ့သည့် သီတင်းပတ်က နှစ်နိုင်ငံ လုံခြုံရေးဆိုင် ရာ သဘောတူညီမှုများကို ဆက်လက်ဆွေးနွေး အတည်ပြုရန် သဘောတူညီ ခဲ့ကြောင်း အစ္စရေး စစ်ဘက် တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ ဆီနိုင်းကျွန်းဆွယ်တွင် အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်သော အကြမ်းဖက် အဖွဲ့အစည်းများ ခိုအောင်းနေပြီး ယင်းတို့သည် အီဂျစ်တွင် အခြေအနေများ ဆိုးရွားနေချိန်ကို အခွင့်အရေးယူ သောင်းကျန်းလျှက် ရှိသည်။ တနင်္လာနေ့က အဆိုပါ စစ်သွေးကြွများ ခြုံခို တိုက်ခိုက်မှုကြောင့် မြောက်ပိုင်း ဆီနိုင်းတွင် အီဂျစ် ရဲတပ်ဖွဲ့ဝင် (၂၅)ဦး သေဆုံးခဲ့ကြောင်းလည်း သိရှိရသည်။
from Planet Myanmar Network

No comments:
Post a Comment