Saturday, August 10, 2013

အိန္ဒိယပထမဆုံး လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးနှောင့်နှေး

အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကို ၂၀၁၈ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း တည်ဆောက်ရေးလုပ်ငန်း နှောင့်နှေးမှုများ ကြုံတွေ့နေရခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်မတိုင်ခင် အချိန်ထိ အသုံးပြုနိုင်မည် မဟုတ်ဟု Defense News တွင် ဖော်ပြထားသည်။...

နိုင်ငံခြား တိုင်းပြည်များမှ စက်ပစ္စည်း ရောက်ရှိမှု နောက်ကျမှု၊ ရှုပ်ထွေးသော ဒီဇိုင်းပိုင်းဆိုင်ရာ ကြန့်ကြာမှုများကြောင့် ၂၀၁၈ ခုနှစ်ရောက်မှ ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကို စတင်အသုံးပြုနိုင်မည်ဟု အိန္ဒိယရေတပ် ပြောရေးဆိုခွင့်ရှိသူ ပီဗီဆတစ်က မှတ်ချက်ပြုသည်။

ယင်းကဲ့သို့ လေယာဉ်တင်သင်္ဘော တည်ဆောက်ရေး နှောင့်နှေး မှုများ ပေါ်ပေါက်နေသည်သာမက ကုန်ကျစရိတ်များလည်း မြင့်တက်နေပြီး သင်္ဘောတည်ဆောက်စရိတ်နှင့် လက်နက်ပစ္စည်းတန်ဖိုး စုစုပေါင်း ဒေါ်လာသန်း ၅၀၀၀ ထိရှိမည်ဟု ခန့်မှန်းထားသည်။

တန်ချိန် ၄၀၀၀ ခန့်ရှိသော ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တည်ဆောက်စရိတ်မှာ ဒေါ်လာ သန်း ၅၀၀ ခန့်သာရှိမည် ဟု စီမံကိန်း စတင်အတည်ပြုခဲ့သည့် ၂၀၀၃ ခုနှစ်က ခန့်မှန်းခဲ့ကြသော်လည်း သင်္ဘောတည်ဆောက်စရိတ် တစ်ခုတည်းပင် သန်း ၂၂၀၀ နီးပါး ကုန်ကြနိုင်ကြောင်း အိန္ဒိယရေတပ် အသိုင်းအဝိုင်းက ပြောကြားသည်။

နိုင်ငံတောင်ပိုင်း ကိုချင်သင်္ဘောကျင်း၌ ပထမဆုံး လေယာဉ်တင်သင်္ဘောကို အစိုးရပိုင်ကိုချင် သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေပြီး သြဂုတ် ၁၂ ရက်နေ့တွင် ရေချစမ်းသပ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။

ရေလုံသင်္ဘောကျင်းမှတစ်ဆင့် လေယာဉ်တင်သင်္ဘောကို ရေချစမ်းသပ်မည်ဖြစ်ပြီး ယင်းနောက် သင်္ဘောမောင်းနှင်ရေး စနစ်များ၊ လက်နက်စနစ်များ စတင်တပ်ဆင်မည် ဖြစ်သည်။

ပထမအကြိမ် ပင်လယ်တွင်း စမ်းသပ်မောင်းနှင်မှုကို ၂၀၁၆ ခုနှစ်တွင် စတင်ပြုလုပ်နိုင်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အရာရှိများက ပြောကြားသော်လည်း ရေတပ်တာဝန်ရှိသူများကမူ ၂၀၁၈-၁၉ ခုနှစ် ကာလရောက်မှသာ စတင်ပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

၂၆၂ မီတာအရှည်ရှိမည့် အိန္ဒိယပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောတွင် တိုက်လေယာဉ် ၂၀ စင်းနှင့် ရဟတ်ယာဉ် ၁၀ စင်း စုစုပေါင်း အစင်း ၃၀ ထိ တင်ဆောင်နိုင်မည်ဖြစ်ပြီး အစ္စရေးနိုင်ငံလုပ် ဘာရတ်လေကြောင်းရန် ကာကွယ်ရေးစနစ်၊ အထွေထွေသုံး ရေဒါစနစ်၊ A 630 အနီးကပ် ချေမှုန်းရေး လက်နက်စနစ်နှင့် တိုက်ခိုက်မှု ထိန်းချုပ်ရေးစနစ်များ တပ်ဆင်မည် ဖြစ်သည်။

ရန်သူ့လေယာဉ်များနှင့် ရေငုပ်သင်္ဘောများကို ချေမှုန်းသွားနိုင်မည်ဖြစ်ပြီး လေယာဉ်တင် သင်္ဘောပေါ်ရှိ လက်နက်စနစ်များကို စုပေါင်းထိန်းချုပ်သည့် ချေမှုန်းရေး စီမံခန့်ခွဲမှု စနစ်တစ်ရပ်လည်း တပ်ဆင်သွားမည်ဟု အိန္ဒိယ ရေတပ်အရာရှိများက ပြောကြားသည်။

ခေတ်မီလေယာဉ်တင်သင်္ဘောများ ဝယ်ယူရေးမှာ မဖြစ်နိုင်သည့်အတွက် ကုန်ကျစရိတ် ကြီးမားသော်လည်း ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောများ တည်ဆောက်ရန် လိုအပ်ကြောင်း အိန္ဒိယကာကွယ်ရေး စီမံကိန်း ရေးဆွဲသူများ၊ ရေတပ်အရာရှိများနှင့် လေ့လာသုံးသပ်သူများက သဘောတူညီထားသည်။

အိန္ဒိယကမ်းခြေ တစ်ဖက်စီတွင် လေယာဉ်သင်္ဘောတစ်စင်းစီ တပ်စွဲထားရန်နှင့် အရန်အဖြစ် လေယာဉ်တင်သင်္ဘောတစ်စင်း စုစုပေါင်း လေယာဉ်တင်သင်္ဘော သုံးစင်းအထိ ပိုင်ဆိုင်နိုင်ရန် အိန္ဒိယနိုင်ငံက ကြိုးပမ်းနေကြောင်း Defense News တွင်ဖော်ပြထားသည်။

from The Voice Weekly

No comments:

Post a Comment