မတွေ့ဆုံဖြစ်သည်မှာ သုံးနှစ်နီးပါးခန့် ရှိပြီဖြစ်သော ကိုရီးယား မိသားစု
များ ပြန်လည် တွေ့ဆုံနိုင်ရေး အတွက် ဆွေးနွေးပွဲ ပြုလုပ်ရန် တောင် ကို...ရီးယားနိုင်ငံ၏
အဆိုပြု ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား နိုင်ငံက လက်သင့်ခံလိုက်ပြီ
ဖြစ်ကြောင်း The Korea Herald သတင်းစာ က ရေးသား ဖော်ပြသည်။
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံအဖြစ် ထက်ခြမ်း ကွဲစေခဲ့သည့် ကိုရီးယား စစ်ပွဲအတွင်း အကွဲအပြဲ ဖြစ်ခဲ့ကြသည့် ကိုရီးယား မိသားစုများ သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက နောက်ဆုံးအကြိမ် အဖြစ် တွေ့ဆုံ ဖြစ်ခဲ့ကြသည်။ ထို့နောက် သုံးနှစ်နီးပါး ကာလအတွင်း တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား နိုင်ငံရေး တင်းမာမှုများ မြင့်တက်ခဲ့ရာ ကွဲကွာနေသော မိသားစုဝင် များ ပြန်လည် တွေ့ဆုံမည့် ကိစ္စကို နှစ်ဖက်စလုံးက အလေးပေးနိုင်ခဲ့ခြင်း မရှိပေ။
ယခု တောင်ကိုရီးယား၏ အဆိုပြုချက်အရ ကွဲကွာနေသော မိသားစုဝင်များ ကို လာမည့် စက်တင်ဘာလတွင် ကျရောက်မည့် ‘ကိုရီးယား ကျေးဇူးတော်နေ့’ ကာလ၌ တွေ့ဆုံပေးရန် စီစဉ်ထားသည်။
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယား၏ လက်သင့်ခံမှုကို အပြုသဘောဆောင်စွာ တုံ့ပြန်သည့်အနေနှင့် ဆွေးနွေးပွဲအား တောင် ကိုရီးယားနိုင်ငံဘက်တွင်ရှိသော ပန်မူဂျွန်းမြို့၌ ကျင်းပ ပြုလုပ်ရန် အဆိုပြု ထားသော်လည်း မြောက်ကိုရီးယားက ၎င်း၏ နယ်နိမိတ်ဖြစ်သည့် မောင့် ဂူမန်ဂန်းတွင် ကျင်းပ ပြုလုပ်စေလိုသည်။
မြောက်ကိုရီးယားနိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ‘စက်တင်ဘာ ၁၉ ရက်နေ့၌ ကျရောက် မည့် ချုံဆွတ် အားလပ်ရက် အခါသမယတွင် ကွဲကွာနေသော မိသားစု များ မောင့်ဂူမန်ဂန်း၌ ပြန်လည် တွေ့ဆုံစေမည့် ကိစ္စကို တောင် ကိုရီးယားနိုင်ငံနှင့် တွေ့ဆုံ ညှိနှိုင်းသွားမည် ဖြစ်သည်’ ဟု ဖော်ပြသည်။
ထို့ပြင် မြောက်ကိုရီးယားနိုင်ငံရှိ တောင်ပေါ် အပန်းဖြေစခန်းသို့ ခရီးသွား များ ပြန်လည် ဝင်ရောက် လည်ပတ်ခွင့် ရရှိရေးနှင့် ပတ်သက်၍ အလုပ် အမှုဆောင်များအဆင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ရန်လည်း ပြုံယမ်း ကွန်မြူနစ်အစိုးရက အဆိုပြုသည်။
တောင်ကိုရီးယားနိုင်ငံသည် လတ်တလော အနေအထားတွင် ကွဲကွာနေသော ကိုရီးယား မိသားစုဝင်များအတွက် လူသားချင်း စာနာထောက်ထားမှုများ ပေးနိုင်မည့် ကိစ္စကို အဓိက အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော် ကိုရီးယားစစ်ပွဲ ကာလက ကွဲကွာခဲ့သော ကိုရီးယား မိသားစုများအနက်မှ လူအများစုမှာ ယခုအခါတွင် အသက်အရွယ် ကြီးရင့်ကာ ကွယ်လွန်သွားကြ ပြီ ဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိကြီးများက ပြောကြားသည်။
ကိုရီးယားစစ်ပွဲ ကာလမှ စ၍ ယနေ့အထိ အသက်ရှင်လျက် ကျန်ရစ်သူများ တွင် အသက် ၉၀ ကျော်မှာ ၉ ဒသမ ၃ ရာခိုင်နှုန်း၊ အသက် ၈၀ ကျော်မှာ ၄၀ ဒသမ ၅ ရာခိုင်နှုန်း၊ အသက် ၇၀ ကျော်မှာ ၃၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် အသက် ၆၀ ကျော်မှာ ၁၁ ဒသမ ၄ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။
from The Voice Weekly

No comments:
Post a Comment